မတ်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဌာနေတိုင်းရင်းသားပြည်သူများ၏ သဘောဆန္ဒမပါဘဲ ထိန်းချုပ်နယ်မြေထဲတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရေကာတာစီမံကိန်းများကို ကန့်ကွက်ရန်နှင့် စစ်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများ အပေါ် ထပ်ဆင့်ဒုက္ခပေးသည့် ဖွံ့ဖြိုးရေးစီမံကိန်းများကိုကန့်ကွက်ကြရန် ယနေ့ကျရောက်သည့် အပြည် ပြည်ဆိုင်ရာမြစ်ချောင်းများနှင့် ရေကာတာဆန့်ကျင်ရေးနေ့တွင် ကရင်မြစ်ချောင်းများစောင့် ကြည့်ရေး အဖွဲ့-Karen Rivers Watch (KRC)က သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ခေတ်အဆက်ဆက် အုပ်စိုးသူများ၏ ဆုံးဖြတ်ချက်ဖြင့် ပြည်သူလူထုများ၏ သဘောဆန္ဒမပါဘဲ သံလွင် မြစ်တစ်ဝှမ်းတွင် ရေကာတာများတည်ဆောက်ရန် သဘောတူစာချုပ်များချုပ်ဆိုခဲ့ကြခြင်းသည် ဌာနေ တိုင်းရင်းသားများ၏ သဘာဝအရင်းအမြစ်၏ အနာဂါတ်ကို စတေးမည့်စီမံကိန်းဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။
ကရင်ပြည်နယ်ရှိ သံလွင်မြစ်ပေါ်တွင် ရေကာတာတည်ဆောက်မည့် အစိုးရများ၊ သက်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား ကရင်အရပ်ဖက်အဖွဲ့များ၊ ဌာနေတိုင်း ရင်းသားများနှင့်အတူ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နှင့် ရေကာ တာဆန့် ကျင်ရေးနေ့တွင် နှစ်စဉ်ကန့်ကွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ တိုင်ခဲ့ပြီလည်း ဖြစ်ကြောင်း KRW သဘောထားထုတ်ပြန်ချက်တွင် ပြောဆိုသည်။
သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းများ မစတင်မီအချိန်ကတည်းကပင် ရေကာ တာတည်ဆောက်ရန်အတွက် လမ်းဖောက်လုပ်ခြင်း၊ စီမံကိန်းနေရာများတွင် လုံခြုံရေးအတွက် စစ်အင် အားတိုးချဲ့ခြင်းများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲမကြာ ခဏဖြစ်ပွားကာ ဌာနေတိုင်းရင်းသားများသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီဖြစ်ကြောင်း KRW က ပြောဆိုသည်။
ယခုနှစ်တွင်လည်း သံလွင်မြစ်ဝှမ်းတစ်လျှောက်တွင် ပိုမိုပြင်းထန်လာသည့် ပဋိပက္ခများကြောင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့်ကလေးသူငယ်များ ထိခိုက်သေဆုံးမှုများပြားလာသည့်အပြင် လူနေအိမ်များ ထိခိုက်ပျက်စီးကာ ဘဝလုံခြုံမှုစိန်ခေါ်မှုများရှိလာသောကြောင့် နေရာပြောင်းရွှေ့ရခြင်းလည်းပိုမျာလားကြောင်း KRW က ပြောသည်။
ထို့ကြောင့် ဌာနေတိုင်းရင်းသားလူမျိုးစုနေထိုင်ရာဒေသများတွင် အဖျက်စွမ်းအင် ကြီးမားသည့် ရေကာတာတည်ဆောက်ရေးကြိုးပမ်းမှုများကို ရပ်တန့်ရန်အတွက် ဆန့်ကျင်ကန့်ကွက်ကြရန် KRWမှ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့များကို တောင်းဆိုလိုက်သည်။
၎င်းအပြင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို လေးစားလိုက်နာသည့်အနေဖြင့် ဖက်ဒရယ် စနစ်၊ သယံဇာတစီမံအုပ်ချုပ်မှုစနစ်အကောင်အထည်အဖော်ရန်အတွက်သင့်လျော်သော မူဝါဒရေးဆွဲ ရန်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို နိုင်ငံတကာသို့ စည်းရုံး လှုံ့ဆော်ရန်နှင့်၊ အရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရန်၊ စစ်အာဏာသိမ်းကာလအတွင်း သဘာ ပတ်ဝန်းကျင်ထိခိုက်မှုများကို သုတေသနပြုလုပ်ပြီး ထိုက်သင့်သည့်ကုစားမှုများကို လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကို KRW က တိုက်တွန်းထားသည်။
သံလွင်မြစ်ပေါ်တွင် ယခင်အစိုးရ အဆက်ဆက်က ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာ၊ ရှမ်းပြည် နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ မိုင်းတုံရေကာတာနှင့် ကရင်နီပြည်နယ်တွင် ရွာသစ်ရေကာတာ စသည့် ရေကာတာ (၅)ခု တည်ဆောက်ရန် စီမံကိန်းချထားသည်ဟု သိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖားအံသို့ လာသည့်ခရီးစဉ်တွင်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ(၅)တွင် တည်ဆောက်မည့်ဟတ်ကြီးရေကာတာလိုမျိုးသည် ကရင်ပြည်နယ် လျှပ် စစ်စွမ်း အင်ဖြည့်ဆည်းရေးအတွက် အထောက်အကူပြုသောကြောင့် တည်ဆောက်သင့်ကြောင်းဆိုပြီး ပြောဆိုခဲ့သေးသည်။
မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ ၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့နှင့် တရုတ်နိုင်ငံကုမ္ပဏီတို့မှ ၁၂၀၀ မီဂါဝပ်ရေအားလျှပ် စစ်စွမ်း အင် ထုတ်လုပ်နိုင်သည့် ဟတ်ကြီးရေကာတာ စီမံကိန်းတည်ဆောက်ရန်အတွက် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ-နအဖ စစ်အစိုးရ လက်ထက် ၂၀၀၆ ခုနှစ်က သဘောတူ လက်မှတ်ထိုးထားခဲ့ခြင်းဖြစ်သည်။



















