Home သတင်း မြန်မာစစ်တပ်(စစ်ကောင်စီ)၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကနေဒါသံရုံး ပြင်းထန်စွာ ရှုတ်ချ

မြန်မာစစ်တပ်(စစ်ကောင်စီ)၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကနေဒါသံရုံး ပြင်းထန်စွာ ရှုတ်ချ

121
Photo- SAC

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်တပ်မှ တိုင်းပြည်နှင့် ပြည်သူများအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အ‌ရေး ချိုးဖောက်မှု များကို ပြင်းထန်စွာ ရှုတ်ချကြောင်း မတ်လ (၂၇)ရက်၊ ယနေ့ ကျ‌ရောက်သော မြန်မာစစ်တပ်၏ တပ်မတော်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

အရပ်သား နေထိုင်ရာအဆောက်အအုံများနှင့် ပြည်သူပိုင် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး အဆောက်အဦးများကို ပစ်မှတ်ထား၍ လေကြောင်းမှ တိုက်ခတ်ခြင်း၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်ခြင်း၊ ရိုဟင်ဂျာများကို လုံခြုံရာသို့ ရွှေ့ပြောင်းခွင့်မပြုခြင်း အစရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် စစ်ကောင်စီက နိုင်ငံတကာဥပဒေကို ချိုးဖောက် နေခြင်းဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ (၇၉)နှစ်မြောက် တပ်မတော်နေ့တွင် အရပ်သားပြည်သူများအပေါ် လက်ရှိအချိန်အထိ ရာဇဝတ်မှု‌ပေါင်းများစွာ ဆက်လက်ကျူးလွန်နေသော စစ်တပ်သည် တိုင်းပြည်နှင့်ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပျက်ကွက်နေသည်ဟုလည်း ကနေဒါသံရုံးက ထည့်သွင်း ပြောဆိုထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ပြောခွင့်ရ စောနန္ဒဆူးက “စစ်ကောင်စီက ဆက်လက်ကျူး လွန်‌နေတဲ့စစ်ရာဇဝတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာအစုအဖွဲ့ တွေက ထိထိရောက်ရောက် ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုတယ်။ စစ်ကောင်စီကို နိုင်ငံတကာအဆင့်ထိ အပြစ်ပေးအရေးယူမှုမရှိရင် သူတို့က ပြစ်ဒဏ်ကင်းလွတ်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေမှာဖြစ်သလို ပြည်သူတွေလည်းနေ့စဉ်နဲ့တကွ ထိခိုက်မှုတွေကြုံတွေ့ နေရဦးမှာပါပဲ။” ဟု စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက် မှုနှင့်ပတ်သက်သော သူ၏အမြင်ကို ပြောပြသည်။

ထို့အပြင် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား လေယာဥ်ဆီနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ အထောက်အပံ့များပေး နေခြင်းကိုရပ်ဆိုင်းရန် သံရုံး၏ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသလို ၎င်းတို့အနေဖြင့်လည်း ဒီမိုကရေစီစနစ်တည် ဆောက်ရေးအတွက် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိနေကြောင်း ကနေဒါသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရာဇဝတ်မှုများချိုးဖောက်နေခြင်းအပေါ် အရေးယူ‌ပေးရန် ပြည်တွင်း၊ ပြည်ပရှိ လူ့အခွင့် အ‌ရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် တော်လှန်ရေးအင်အားစုများက နိုင်ငံတကာကို တင်ပြတောင်းဆိုနေကြသော်လည်း နိုင်ငံတကာအနေဖြင့် စစ်‌ကောင်စီကို ထိရောက်သော အရေးယူမှုမျိုး မလုပ်ဆောင်နိုင်သေးကြောင်း ဝေဖန်ပြော ဆိုမှုများ ရှိသည်။