မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်တွင် စစ်ရေးအကောင်အထည်ဖော်ဆောင်တော့မည်ဖြစ်၍ ပြည်နယ်အတွင်း ဘယ်အချိန်၊ ဘယ်နေရာ မဆို တိုက်ပွဲဖြစ်လာနိုင်သဖြင့် မိဘပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီလူးက ယမန်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်နိုင်သည့် ဌာနဆိုင်ရာနေရာများ၊ ဂိတ်စခန်းများနှင့် အသွား အလာပြုလုပ်သည့်လမ်းများစသော ထိတွေ့မှုဖြစ်နိုင်သည့်နေရာများတွင် ပြည်သူများအနေဖြင့် သတိ ထားသွားလာကြရန် ရေးဘီလူးခေါင်ဆောင်က ယခုလိုပြောသည်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က”အဓိက ကျနော်တို့အထိအတွေ့ဖြစ်နိုင်တဲ့နေရာမျိုးဆိုရင် စစ်တပ်အနီးအနား၊ ရဲစခန်းပတ်ဝန်းကျင်၊ ဌာနဆိုင်ရာတွေ ဒီလိုနေရာမျိုးတွေ အဓိကကျတယ်။ နောက်ပြီးစစ်ဆေးရေးဂိတ် တွေ စစ်ကောင်စီဖြတ်သန်းသွားလာတဲ့လမ်းကြောင်းတွေ အပျော်အပါးတွေလျှော့ပြီး အသွားအလာသတိပြုကြပါပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မွန်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင် သည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မြေပြင်နယ်မြေစိုးမိုးမှု ပိုမိုရရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့မှာ စခန်းတွင်း၌ ခံစစ်အနေအထားသာရှိတော့ကြောင်း ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။
“နယ်မြေထိန်းချုပ်မှုအပိုင်းက တော်လှန်ရေးအင်အားစုမှာ ပိုသာတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက စခန်း အပြင်ကို မထွက်ရဲတော့တာကြာနေပြီး။ ခံစစ်ပဲနေတော့တယ်။ တိုက်မယ်ဆိုရင် တပ်စခန်းကိုပဲ ဝင်တိုက်ရမယ်”ဟု ၎င်းရေးမြို့ဒေသခံ ပြောသည်။
လတ်တလော မွန်ပြည်နယ်၊ ရေးမှ သံဖြူဇရပ်မြို့နယ်အထိ တော်လှန်ရေးအင်အားစုများ နယ်မြေထိန်း ချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်မှာ ခံစစ်မှခွာစစ်အနေအထားသို့ ရောက်ရှိနေသည့်အပေါ်တွင် ယခုစစ်ဆင်ရေးကို အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။