Home သတင်း စစ်တပ်လေကြောင်းက သင်္ဃန်းညီနောင် ရပ်ကျေးနယ်အတွင်း ၄ ရက် ဆက်တိုက် ဗုံးကြီးကြဲတိုက်ခိုက်နေ

စစ်တပ်လေကြောင်းက သင်္ဃန်းညီနောင် ရပ်ကျေးနယ်အတွင်း ၄ ရက် ဆက်တိုက် ဗုံးကြီးကြဲတိုက်ခိုက်နေ

474
Photo: CJ

မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် မြဝတီသင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းနေရာများကို စစ်တပ် က လေကြောင်း စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်ပစ်ကူပေးနေဆဲဖြစ်ကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

မတ်လ ၇ ရက်နေ့ကတည်းက စတင်တိုက်ပွဲဖြစ်ပွားသည့် သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် လက်အောက်ခံ တပ်ရင်း ၃ ရင်းနေရာများတွင် စစ်ကောင်စီလေကြောင်းက လေးရက်ဆက်တိုက်ဗုံးကြီးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “ညက ၁ နာရီကျော်ကနေ ၂ နာရီ နီးနီးအထိ လေယာဉ်ဗုံးကြီးလာကြဲတယ်။ လက်ခတ်တောင်ဘက်နဲ့ ကွင်းကလေး၊ မဲကနယ်ဘက်တွေကို ပေါင် ၅၀၀ ဗုံးကြီးတွေ ကြဲချတယ်။ အရင်ရက်တွေက ရွာသစ်ကုန်း၊ ဝှေ့ ရှမ်းခြေတော်ရာ၊ ပေါလော၊ သံပုရာ၊ ရွာဘက်တွေ လေယာဉ်ပျံအမျိုးအစားပေါင်းစုံ နဲ့ လာပစ်လာကြဲချနေတာ ၄ ရက် ၄ ညရှိပြီ။ ရပ်ကွက်တွေရွာတွေ မီးလာင်ကုန်ပြီ၊ ရွာသားတွေလည်းပြေးကုန်ပြီ”ဟု ပြောသည်။

Photo: CJ

ယနေ့မတ်လ ၁၁ ရက် နံနက်ပိုင်းအထိ သင်္ဃန်းညီနောင် စစ်ဗျူဟာ စစ်စခန်းဘက်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး ခြေလျင်တပ်ရင်း -ခလရ ၂၇၅ စစ်တပ်မှ အတွဲလိုက်ပစ်ဒုံး ၊ ဟောင်ဝှစ်ဇာ အမြှောက်များဖြင့် လက်ခတ်တောင် ဘုရားကုန်းနှင့် ခြေတော်ရာ တောင်ဘက်ကို ပစ်ခတ်နေကြောင်း သိရှိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ထိုင်း-မြန်မာနယ်စပ် အနီးရှိ ကျေးရွာဒေသခံ များ ရွှေကုက္ကိုလ်တစ်ဖက်ကမ်း ဝမ်းဖာကျေးရွာဘက် ဆွေမျိုးမိတ်ဆွေနေအိမ်များ ဘက်ရှောင်တိမ်းနေထိုင်မှုရှိလာနေပြီး မြဝတီမြို့ဘက်သို့ ရှောင်တိမ်းနေထိုင်လာကြသူ ၄၀၀၀ နီးပါးအထိ ထပ်တိုးရောက်ရှိလာနေကြောင်း မြဝတီအရပ်ဖက်စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။