Home သတင်း ထိုင်းကို သွားမည့်သူအများအပြား ဘုရားသုံးဆူမြို့တွင် သောင်တင်နေ

ထိုင်းကို သွားမည့်သူအများအပြား ဘုရားသုံးဆူမြို့တွင် သောင်တင်နေ

803
Photo: CJ

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအစိုးရ အာဏာပိုင်ဘက်မှ နယ်စပ်လုံခြုံရေး တိုးမြှင့်လိုက်သောကြောင့် တရားမဝင်လမ်း ကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူအများအပြားသည် လက်ရှိ နယ်စပ်ဘုရားသုံးဆူမြို့တွင် သောင်တင်နေလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် အနယ်နယ် အရပ်ရပ်မှ လူငယ်လူရွယ်အများအပြားသည် တရားမဝင်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် နယ်စပ်ဘုရားသုံးဆူမြို့ကို ရောက်ရှိလာကြပြီး ထိုင်းနိုင်ငံဘက်မှ ယခင်ကထက်လုံခြုံရေးတိုးမြှင့်ချထားသည့် အတွက် ယခုလို သောင်တင်နေကြခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ သူတို့မှာတော့ ရှေ့သွားလည်းမရ၊ နောက်ပြန်ဆုတ်လည်းမဖြစ် ဒီလိုပဲနေကြတယ်ပေါ့။ ပိုက်ဆံ အပိုပါတဲ့လူတွေရှိသလို မပါတဲ့လူတွေလည်း ရှိတယ်။ တချို့ကယ်ရီသမားတွေက ထမင်ကျွေးတာရှိတယ်။ တချို့ ကတော့ ကိုယ့်ဖာသာကိုယ်ပဲဝယ်စားကြတော့ သူတို့မှာအခက်အခဲတွေရှိတယ်။ ထိုင်းဝင်ပေါက်က အရင်က ၃ ပေါက်ရှိတယ်။ အခုတစ်ပေါက်ပဲဝင်ရတော့ အကန့်အသတ်နဲ့ပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့မှဆင့် တရားမဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်သွားနိုင်သူရှိသလို အချို့မှာ လမ်းတစ်ဝက်တွင် ဖမ်းဆီးခံရခြင်း၊ အလိမ်ခံရခြင်းတို့ကြောင့် ဘုရားသုံးဆူမြို့ကို ပြန်လည် ရောက်ရှိလာသူ နေ့စဉ်ရှိနေကြောင်းလည်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

“အတက်အဆင်းက နေ့တိုင်းများတယ်။ ဆင်းတာ အများစုက ထိုင်းဘက်ဝင်တာမရလို့ ပြန်လာပို့တဲ့သူရော၊ လမ်းမှာအဖမ်းခံထိလူတွေရော၊ နောက်ပြီး လမ်းမှာလမ်းပျောက်တာတို့ ကယ်ရီသမားပစ်ထားတာတို့ ပြန်လာတဲ့လူတွေလည်း အများကြီးပဲ”ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ထဲသို့ ဝင်လာမည့်သူများကိုလည်း ချောင်းဆုံရွာရှိ ဒေသခံတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စုံစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်မည်ဆိုပါက ပို့ဆောင်ပေးမည့် ကယ်ရီသမားအမည်များကိုလည်း အဖွဲစုံဂိတ်က စာရင်းကောက်ယူထားခြင်းရှိကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်နီးစပ်သူတစ်ဦးက“ မြို့ထဲဝင်လာရင်တော့ သေချာစိစစ်ရတာပေါ့။ ဘာဖြစ်ဖြစ်ထိုင်းဘက်ကို ဝင်သွားရင်တော့ ကယ်ရီသမားတွေက လိမ်တာခံရတာတချို့ရှိတယ်လေ။ ဟိုကိုပို့မယ် ဆိုပြီး လမ်းတစ်ဝက်မှာ ပစ်ထားခံရတာတွေရှိ တယ်။ အဲလိုမဖြစ်အောင် ဘယ်ကယ်ရီ သမားနာမည်စာရင်း အတိ အကျယူထားတာပေါ့။ တကယ်လို့ အဲလို ဖြစ်လာရင် ဘယ်ကယ်ရီသမားနဲ့သွားတာလဲ ပြန်လိုက်လို့ရတယ်။”ဟု ပြောသည်။

အနယ်နယ်အရပ်ရပ်မှ လူငယ်လူရွယ်များသည် တရားမဝင် မှောင်ခိုလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့ သွား ရောက်ရန်အတွက် ပွဲစား၊ ကယ်ရီသမားများနှင့်ချိတ်ဆက်ကာ ဘုရားသုံးဆူမြို့ထဲကို နေ့စဉ်ဝင်လာဆဲဖြစ်ပြီး ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းကြောင်းမှတဆင့် သွားမည့်နေရာအကွာအဝေးပေါ်မူတည်၍ လူတစ်ဦးကို ဘတ်တစ်သောင်းမှ ဘတ်လေးသောင်းအထိ ကယ်ရီခပေးဆောင်ရကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် လအတန်ကြာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများ ပျက်ပြားသွားခဲ့ပြီးဖြစ်သလို မြို့၏လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာများကို တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ထိန်းချုပ်ထားသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်စခန်းတွင်လည်း ယခင်က နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ ဝင်များနှင့်အတူ ပူးပေါင်းနေထိုင်ကြသော်လည်း လက်ရှိအချိန်တွင် BGF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ တပ်နှင့်အတူ မနေတော့ဘဲ စခန်းပြင်ပဘက်သို့ ထွက်ခွာနေထိုင်လိုက်ပြီကြောင်းလည်း ဒေသခံထံမှ သိရသည်။