Home သတင်း ဖားအံမြို့တွင်း ရပ်ကွက်ကျော်နေထိုင်သူများ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ရ

ဖားအံမြို့တွင်း ရပ်ကွက်ကျော်နေထိုင်သူများ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ရ

637
Photo: CJ

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ရပ်ကွက်ကျော် နေထိုင်သည့် မြို့ခံများ တစ်လတစ်ခါ ဧည့်စာရင်း ပုံမှန် တိုင်ကြားနေကြရသည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖားအံမြို့ထဲတွင် ပြီးခဲ့သည့် လအနည်းငယ်ကတည်းကစတင်၍ အခြားဒေသမှ လာရောက်နေ သူများမကဘဲ မြို့မှတ်ပုံတင်ရှိသူများကိုပါ ရပ်ကွက်ကျော် နေထိုင်ညအိပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သည့် ၁၀ အိမ်မှူးနှင့် ရာအိမ် မှူးများကို ဧည့်စာရင်းတိုင်ကြားရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံက “အရင်က တစ်ပတ် တစ်ခါတောင်တိုင်ရတယ်။ အခုက တစ်လတစ်ခါပဲ တိုင်တော့တယ်။ သူတို့လာစစ်တဲ့အချိန် မတိုင်ထားတာတွေ့ရင် မှတ်ပုံတင်သိမ်းတယ်။ ပြီးရင်ရုံးမှာ ဧည့်စာရင်း သွားတင်ခိုင်းတယ်။ တချို့က အိမ်ထောင်စုမခွဲရသေးဘူး။ နာမည်က မိဘအိမ်ထောင် စုစာရင်းမှာပဲရှိတယ်။ အဲဒါဧည့်စာရင်း မတင်ချင်ရင်တော့ အိမ်ထောင်စုစာရင်းပြောင်းခိုင်းတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အချို့မှာ တစ်လတစ်ခါ ဧည့်စာရင်းတိုင်ကြားရသူရှိသလို တစ်ပတ်တစ်ခါ ဧည့်စာရင်းတိုင်ကြားရသည့် ရပ်ကွက်ကျော် မြို့ခံများလည်းရှိကြောင်း အခြားမြို့ခံတစ်ဦးကလည်း ပြောသည်။

“ရပ်ကွက်မတူတော့ တချို့ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကလည်းကွာတယ်။ တချို့က အပတ် စဉ်သွား တိုင်ရတော့ အဆင်မပြေတော့ဘူး။ အလုပ်တစ်ခုလိုဖြစ်တော့ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ညှိပြီး တစ်လ တစ်ခါတိုင်ကြတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ဧည့်စာရင်း သွားရောက်တိုင်ကြားသည့်အချိန်တွင် စေတနာကြေးအဖြစ် ကျပ်တစ်ထောင်မှစ၍ ငါးထောင်အထက်အထိ ပေးရခြင်းလည်းရှိကြောင်း ဧည့်စာရင်းတိုင်ကြားခဲ့သူထံမှ သိရသည်။

ထို့အတူ ဖားအံမြို့ထဲတွင် ကော့ကရိတ်၊ ဖာပွန်စသည့် ဒေသမှ လာရောက်တိမ်းရှောင်ခိုလှုံကြသည့် စစ်ရှောင်များလည်း စစ်ရှောင်ဖြစ်နေကြောင်းကို ဧည့်စာရင်းထဲတွင် ထည့်သွင်းတိုင်ကြားရကြောင်း မြို့ခံများက ပြောသည်။