Home သတင်း တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်ကောင်စီကို ဆန့်ကျင်ပါက တန်းတူညီမျှမှု ပြန်လည်ရရှိမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌပြော

တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်ကောင်စီကို ဆန့်ကျင်ပါက တန်းတူညီမျှမှု ပြန်လည်ရရှိမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌပြော

158

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်အကြမ်းဖက်မှုများ ပပျောက်ရေး ကရင် အမျိုးသားအစည်းအရုံး-KNU အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပူးပေါင်း၍ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ပါက တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိမည်ဖြစ်ကြောင်း KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က KNU ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်လွှင့်သော ရုပ်သံအစီအစဥ်တွင် စစ်ကောင်စီက အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပဒိုစောကွယ်ထူးဝင်းက ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။

တပ်တွင်းအင်အားနှင့်ပြည်သူ့ယုံကြည်မှု မရရှိထားသော စစ်ကောင်စီက ၎င်းတို့အင်အားလျော့ နည်းမှုဖြေရှင်းရန်နှင့် အာဏာ ဆက်လက်တည်တံ့ရေးအတွက် အသက်သွင်းလာသော ထိုဥပဒေကြောင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝ ထိခိုက်လာရသဖြင့် KNU အပါအဝင် တော်လှန် ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်ကောင်စီကို ဆန့်ကျင်ရန်လိုကြောင်း KNU ဥက္ကဌက ပြောသည်။

“စစ်ကောင်စီရဲ့စည်းမျဥ်းဥပဒေအောက်က သွားမယ်ဆိုရင် အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်မှု အောက်ကနေ ကျနော်တို့ လွတ်မြောက်မှာမဟုတ်ပါဘူး။ ဒီဥပဒေကြောင့် လူငယ်တွေ၊ အိမ်ထောင်စုတွေ မိသားစုတွေ ရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အပေါ်အခက်အခဲတွေ တွေ့ကြုံ လာရတဲ့အတွက် ကျနော်တို့နဲ့ပူးပေါင်းပြီး တော်လှန်ဖို့လိုပါတယ်။ ဒါမှသာ ကျနော်တို့ပြည်သူတွေရဲ့ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးတွေကို ပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။” ဟု ၎င်းက ရုပ်သံအစီအစဥ်မှတဆင့် ပြောသည်။

Photo-KIC

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က စစ်တပ်၏ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး နောက်တွင် စစ်မှုထမ်းဆင့်ခေါ်ရေး(ဗဟို)မှ ပြည်နယ်နှင့်တိုင်းအလိုက် အဖွဲ့များ ဖွဲ့စည်းကာ တပ်သား ခေါ်ယူခြင်းနှင့် သင်တန်းပေးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီက ဆိုထားသော်ငြားလည်း လက်တွေ့တွင် အတင်းအဓမ္မလူကောက်ခံ စုဆောင်းခြင်းကို လုပ်ဆောင် နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လိုသူ လူငယ်အများစုမှာလည်း ငွေကြေးအမြောက်အများပေး၍ ပြည်ပသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာလာကြရာမှ တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်လာသူများက အိမ်နီးချင်းနိုင်ငံ၏ ဖမ်းဆီးအရေးယူမှုကို ခံနေကြရသည်။

ထို့ကြောင့် စစ်မှုထမ်းဥပဒေသတ်မှတ်ချက်ပြည့်မီသော လူငယ်များ ထိုဥပဒေကိုရှောင်ရှားရန် အခက်အခဲ အမျိုးမျိုး ရင်ဆိုင်တွေ့ကြုံနေရသည့်အတွက် စစ်အာဏာရှင်စနစ်သက်ဆိုးမရှည်စေရန် တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပူးပေါင်းသည့်နည်းလမ်းတစ်ခုတည်းသာ ရှိကြောင်း KNU ဥက္ကဌက အကြံပေးထားသည်။

ပဒိုစောကွယ်ထူးဝင်းက “လူငယ်တွေအနေနဲ့ အာဏာရှင်စစ်ကောင်စီရဲ့ထုတ်ပြန်ထားတဲ့ဥပဒေအတိုင်း သူတို့ရဲ့သဘောထားကို လိုက်လျောမလား၊ ဒါမှမဟုတ် ဆန့်ကျင်တော်လှန်မလား ဆိုတဲ့ လမ်းတစ်လမ်းတည်းသာရှိပါတယ်။ ကျနော့်အနေနဲ့ အကြံပေးရမယ်ဆိုရင် ကျနော်တို့ပြုလုပ်နေသလို လက်ရှိ စစ်ကောင်စီကိုတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့လိုပါပြီ။” ဟု ၎င်းက ပြောသည်။

Photo-KIC

အဆိုပါ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကမူ ပြည်သူလူထုမငြိမ်မသက်ဖြစ်စေရန်နှင့် စိုးရိမ်ထိတ်လန့်စေရန် တိုင်းရင်းသားလက်နက်ကိုင်များက သွေးထိုးလှုံ့ဆော်နေခြင်းသာဖြစ်ပြီး စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် ၂၀၁၉ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ အမျိုးသားဦးရေ ၆ သန်းမှ ကနဦးတစ် ရာခိုင်နှုန်းခန့်ကိုသာ အလှည့်ကျခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့လက် အောက်ခံ မီဒီယာများမှတဆင့် ယမန်နေ့က ပြောဆိုသွားသည်။