Home သတင်း တနင်္သာရီရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေးမှုများ ပြုလုပ်နေ

တနင်္သာရီရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေးမှုများ ပြုလုပ်နေ

114
Photo-CJ

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်ကောင်စီအထိုင်ချ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များ သည် ခရီးသွားပြည်သူများထံမှ အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေးမှုများ ပြုလုပ်လာကြောင်း ဒေသခံများ က ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက် သွင်းလိုက်ပြီးနောက် ထားဝယ်၊မြိတ်၊ ကော့သောင်း နှင့် ဘုတ်ပြင်းအစရှိသည့် လမ်းပိုင်းများရှိ စစ်ဆေးရေးဂိတ် များတွင် ခရီးသွားပြည်သူများနှင့် ကားသမားများထံမှ အိမ်ထောင်စုစာရင်း မိတ္တူ(သို့မဟုတ်)မူရင်းများကို တောင်းယူစစ်ဆေးမှုများ ပြုလုပ်လာကြောင်း ထားဝယ်-ကော့သောင်းလမ်းပိုင်းတွင် သွားလာနေသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

၎င်းက “စစ်မှုမထမ်းမနေရထုတ်ပြီးနောက်ပိုင်းမှာ ဂိတ်တော်တော်များများ အိမ်ထောင်စုစာရင်းတွေကို စစ်လာကြ တယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေကလည်း နိုင်ငံခြားထွက်တာများလာတော့ အဲ့လိုတွေစစ်ဆေးတင်းကြပ် လာတာ။ စစ်ဆေးရေးဂိတ်မှာ အဲ့လိုတွေစစ်တာ ကြားမှမကြားဖူးဘူး မြင်လည်းမမြင်ဖူးဘူး။” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် အိမ်ထောင်စုစာရင်းမိတ္တူ(သို့မဟုတ်) မူရင်းကိုပြသနိုင်ခြင်း မရှိပါက‌ ခရီးသွားပြည်သူဒေသခံများနှင့် ကားသမားများ အနေဖြင့် ဒဏ်ကြေးများ ပေးဆောင်နေရကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“အကယ်၍ သူတို့တောင်းစစ်လို့မပြနိုင်ရင် ဒဏ်ကြေးတစ်သောင်းနဲ့ အထက်မှာပေးရတယ်။ ဒီတစ်ဂိတ်မှာ မပြ နိုင်ရင် ဒီတစ်ဂိတ်မှာပေး။ နောက်ဂိတ်တွေလည်း အဲ့လိုပဲ။ ဒေသခံတော်တော်များများက မသိကြတော့ ခံရ တာပေါ့။ ကော့သောင်း-ထားဝယ်လမ်းပိုင်းမှာဆို စစ်တပ်ဂိတ်ကြီးပဲလေ။ လူငယ်တွေဆိုရင်တော့ သိတဲ့ အတိုင်း ပိုပြီးစကားပြောရတာပေါ့။” ဟု ထားဝယ်မြို့ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၉)ရက်နေ့မှ စတင်ပြီး လေကြောင်းဖြင့် ခရီးသွားသူများ အနေဖြင့်လည်း ရပ်ကွက်ထောက်ခံစာ မပါပါက မြိတ်လေဆိပ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲများမှ စစ်ဆေးမှုများပြုလုပ်ပြီး ဒဏ်ကြေးငွေများတောင်းခံမှုများလည်းရှိကြောင်း မြိတ်မြို့နယ်ရှိ ဒေသခံများကပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ ဒေသခံများအနေဖြင့် တခြားနယ်များသို့ သွားလာမှုများ ပြုလုပ်ခြင်ပါက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ခံစာများကို ပြုလုပ်နေရ ပြီး တစ်ခါပြုလုပ်လျှင် ကျပ်ငွေတစ်သောင်းထိပေးဆောင်နေရကြောင်း ၎င်းမြို့နယ်ရှိ ဒေသခံများက ပြောသည်။