Home သတင်း ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်အတွင်းဝင်ရောက်ရှာဖွေပြီး တန်ဘိုးရှိ ပစ္စည်းများယူဆောင်မှုပြုလုပ်

ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်အတွင်းဝင်ရောက်ရှာဖွေပြီး တန်ဘိုးရှိ ပစ္စည်းများယူဆောင်မှုပြုလုပ်

210
Photo- CJ

ဖေဖော်ဝါရီလ ၁၂ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်အများစု လာရောက်ငှားရမ်းနေထိုင်သည့် ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး နေအိမ် အတွင်းရှိ တန်ဘိုးရှိ ပစ္စည်းများကို ယူဆောင်သွားမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းအတွင်းရှိ နေအိမ်များနှင့် ကြက်စားပြင် ရပ်ကွက်ရှိ နေအိမ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့က စစ်တပ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နေအိမ်အတွင်းရှိ တန်ဘိုးရှိ ပစ္စည်းများကို ယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးတစ်ဦးက “ပြီးခဲ့တဲ့ရက်က စစ်သားတွေအများကြီးကားနဲ့ ဝင်လာပြီး၊ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်စစ်တယ်။ ပြီးတော့ လူမရှိတဲ့အိမ်တွေဆိုရင် အိမ်တံခါးကို ဖွင့်ပြီး အထဲက ရှိတဲ့ ပစ္စည်းတွေကို ကားနဲ့ သယ်သွားတယ်။ ဒါတောင် မနက်မိုးလင်း (၉)နာရီ ဝန်းကျင်ကြီးကို အဲ့လိုတွေ လုပ် သွားတယ်။ ရပ်ကွက်က လမ်းတွေ ပိတ်ပြီးတော့ ။”ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ပျူစောထီး တပ်ဖွဲ့ဝင်များပူးပေါင်းကာ ညဘက်အချိန်တွင် ထားဝယ်မြို့ပေါ် ရပ်ကွက်အတွင်းရှိ နေအိမ် အလုံး(၄၀)ကျော်အား အလားတူ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး ဒေသခံများ၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သေးကြောင်း မြို့ခံများက ပြောသည်။

၎င်းအပြင် မြိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခြေလျင်တပ်ရင်း(ခလရ-၁၀၁)၊(ခလရ-၁၀၃)ကလည်း လုံခြုံရေးအင်အား တိုးမြှင့်ခြင်းနှင့် မြို့တွင်းမြု့ပြင် ဘန်ကာများ အခိုင်အမာတည်ဆောက်ခြင်းနှင့် ကတုတ်ကျင်းတူးကာ ညအချိန် လမ်းပိတ်ထားခြင်းများကို ယခုလအတွင်း ပိုမိုပြုလုပ်လာကြောင်း မြို့တွင်း သွားလာနေသူ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီရက်ပိုင်းမှာ စစ်တပ်ကနေပြီးတော့ လုံခြုံရေးပို တင်းကြပ်လာတယ်။ ဘာလို့လည်းဆိုတော့ မနက်ပိုင်းမှာ နဲ့ညအစောပိုင်းတွေဆိုရင် စစ်တပ်နားမှာရှိတဲ့ လမ်းတွေကို ဂိတ်ချပိတ်လိုက်တယ်။ ပေးမ သွားတော့ဘူး။ ပြီးတော့ တပ်ရင်းတွေထဲက နဂိုရှိတဲ့ ဘန်ကာတွေကို ဖျက်ပြီး ကွန်ကရစ်ဘန်ကာ အကြီးစားတွေ ပြန်ဆောက်နေတာတွေရှိတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

မြိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများသည် လက်ရှိအချိန်တွင် မြိတ်မြို့နယ်ရှိ ကျေးရွာအများစုနှင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို အဓိက စစ်ကြောင်း ထိုးနေသည့် တပ်ရင်းများဖြစ်ပြီး ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့်လည်း မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်။