Home သတင်း ဖားအံမြို့ ၇၆ နှစ်မြောက် ကရင်အမျိုးသားနေ့ ဂီတဖျော်ဖြေပွဲတွင် ဓားထိုးမှုဖြစ်ပွား

ဖားအံမြို့ ၇၆ နှစ်မြောက် ကရင်အမျိုးသားနေ့ ဂီတဖျော်ဖြေပွဲတွင် ဓားထိုးမှုဖြစ်ပွား

988

ဖေဖော်ဝါရီလ ၁၂ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အနီး ဒုံရင်းတိုက်နယ်ရှိ ဓူဝေဘုရားဝင်းထဲတွင် ဖေဖော်ဝါရီလ ၁၁ ရက် နေ့ညက ကျင်းပသည့် ၇၆နှစ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် စင်တင်ဂီတဖျော်ဖြေ ရေးပွဲတွင် လူငယ်အချင်းချင်းကြား ဓားထိုးမှုဖြစ်ပွား၍ ၃ ဦးဒဏ်ရာရရှိသည်ဟု ဒေသခံထံမှ သိရသည်။

ယမန်နေ့ည၊ ညသန်းခေါင်ယံ ၂ နာရီဝန်းကျင်အချိန်တွင် အခင်းဖြစ်ပွားသည့် ၎င်းဓားထိုးမှုတွင် လူငယ် ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဝမ်းဗိုက်ဒဏ်ရာရရှိသည့် လူငယ်တစ်ဦးမှာ တောင်ကလေး စစ်ဆေးရုံတွင် သွားရောက်ဆေးကုသနေရသည်ဟု သိရသည်။

အဆိုပါ ဓားထိုးသည့် တရားခံကို ယခုအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသလို ပတ်သက်ဆက် နွယ်မှုရှိနိုင် သည့် လူငယ်အယောက် ၄၀ ဝန်းကျင်ခန့်ကို ဓူဝေဘုရားဝင်းထဲတွင် ယနေ့ နံနက်ပိုင်းအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားခြင်းရှိကြောင်းလည်း အမည်ဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ပွဲထဲမှာဖြစ်တယ်ဆိုတော့ ဘယ်သူက ထိုးလဲတော့မသိဘူး။ ဒါပေမယ့် သံသယရှိတဲ့ လူတွေတော့ ဖမ်းထားတဲ့အထဲမှာပါတယ်။ ညတုန်းကတော့ အယောက် ၁၀၀ လောက် အဲဒီဝင်းထဲမှာ ထိန်းသိမ်းထားတယ်။ တချို့က ထွက်ပြေးသွားပြီး ဆိုင်ကယ်က ကျန်တယ်။ ဒီလူငယ်တွေက အမျိုးသား နေ့ အခမ်းအနားကျင်းပတဲ့အချိန်မှာ တစ်ယောက်မှမလာဘူး။ ဖျော်ဖြေရေးပွဲလုပ်တော့ ပွဲလာဖျက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နယ်အတိုင်းအတာဖြင့် ကျင်းပသည့် ၇၆နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ဒုံရင်းတိုက်နယ် မွန့်စရီးကျေးရွာတွင် ကျင်းပပြုလုပ်ပြီး အခမ်းအနားသို့ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ အပါအဝင်၊ ဘာသာရေးခါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့် ဒေသအတွင်းရှိ မွန်၊ ပအိုဝ်း၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်များအပါအဝင် လူထု ၅၀၀ ခန့် တက်ရောက် ခဲ့ကြောင်းလည်း သိရသည်။

ညဘက်ဂီတဖျော်ဖြေရေးအစီအစဉ်ကိုမူ ဓူဝေဘုရားဝင်းတွင် ကျင်းပပြုလုပ်ပြီး ကရင်အဆိုတော်နှင့် ကရင်အနုပညာရှင် အများအပြားပါဝင်သီဆိုကြကာ ကရင်ငြိမ်းချမ်းရေးကောင်စီ- KNU/KNLA-PC အဖွဲ့က လုံခြုံရေးယူပေးထားကြောင်း ဒေသခံများက ပြောသည်။