Home သတင်း ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး KIA ပစ်ချ

ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီး KIA ပစ်ချ

1334
Photo: ပုံဟောင်း( Crd)

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ခိုက်ရေးလုပ်ဆောင်နေသည့်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးကို ဇန်နဝါရီလ ၁၆ ရက်ယနေ့၊ နေ့လည်တွင် ကချင်လွတ်လပ်ရေးတပ်မတော် -KIA က ပစ်ချနိုင်ခဲ့ကြောင်း ဒေသအတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါဂျက်လေယာဉ်အား ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသရှိ ယနေ့ ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် ပစ်ချခံ ရခြင်းကို မှန်ကန်ကြောင်းကိုလည်း ကချင်လွတ်လပ်ရေးအဖွဲ့ -KIO ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ဒေသအတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Kachin News Group ကို အတည်ပြုပြောဆိုထားသည်။

နမ့်ဖတ်ကာ ကျေးရွာရှိ စစ်ကောင်စီ အထိုင်တပ်တစ်ခုဖြစ်သည့် ခြေလျင်တပ်ရင်း(ခလရ-၁၂၃) ကို ကချင် လွတ်လပ်ရေးတပ်မတော်-KIAက ဇန်နဝါရီလ ၁၅ ရက်ယမန်နေ့တွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသအတွင်း သတင်းဌာနများက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃)ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲရှိ ရိက္ခာသယ် စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စီးကိုလည်း KIA ကပစ်ချနိုင်ခဲ့သည်။ ထို့အတူ ယခင်နှစ် နိုဝင်ဘာလ ၁၁ရက်နေ့ကလည်း ကရင်နီပြည်နယ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ၏ K-8W တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သေးသည်ဟု သိရသည်။