ဇန်နဝါရီလ ၁၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်များတွင် စစ်ကောင်စီတပ်က စားနပ် ရိက္ခာသယ်ယူခွင့် လမ်းကြောင်းများကို ပိတ်ဆို့ထားသောကြောင့် စားသောက်ကုန်ဈေးနှုန်း အဆမတန်မြှင့်တက်လာလျက်ရှိကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။
ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်များတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ဒီဇင်ဘာလမှစတင်ပြီး စားနပ်ရိက္ခာသယ်ဆောင်သည့် လမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန့်သတ်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ယခုလိုပြောသည်။
၎င်းက “(၁၁၁၁) စစ်ဆင်ရေး ဆင်နွှဲပြီးတဲ့နောက်မှာ ကုန်ဈေးနှုန်းက ပိုပြီးဈေးတက်လာတယ်။ ကုန်စိမ်း ဈေးနှုန်းတွေကတော့ ပုံမှန်ထက်နှစ်ဆကျော်မြင့်လာပါတယ်။ မြို့နယ်တစ်ခု နဲ့တစ်ခုက ဈေးနှုန်းမြှင့်တက်တာချင်း မတူကြဘူး။”ဟု ကေအိုင်စီ သို့ပြောသည်။
လမ်းကြောင်း ပိတ်ဆို့ခံရမှုကြောင့် တရုတ်မွှေးဆန် ဆန်ကြမ်း(၂၄)ပြည်အိတ်တစ်အိတ်လျှင် (၈၅,၀၀၀)၊ ပုလဲသွယ်ဆန်ကြမ်း (၂၄)ပြည်အိတ် တစ်အိတ်လျှင် (၉၅,၀၀၀)ကျပ်၊ စားဆီ (ရောနှောဆီ) တစ်ပိဿာ (၁၂,၀၀၀) ကျပ်၊ ကြက်ဥတလုံး (၈၀၀) ကျပ်နှင့် ကြက်သွန်နီတစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ် ထိပေး ဆောင်နေရပြီး ယခင်ကထက် နှစ်ဆကျော် မြှင့်တက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းဒေသခံက “စားသောက်ကုန်သွားပို့ (ရောင်း)မယ့် ယာဉ်တွေကို ကန့်သတ်ထားတယ်ဗျာ့။ တစ်ရက် ဘယ်နှစ်စီးပဲဖြတ်ရမယ်ဘာညာပေါ့။ အဲ့အတွက် စားသောက်ကုန်အဝင်နည်းပြီး မော်ချီးဒေသ ဘက်မှာလည်း ကုန်ဈေးနှုန်း ထိုးတက်နေပါတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ဒီးမော့ဆို နှင့် ဖရူဆိုဒေသတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူသုံးသိန်းကျော်ထိ တိုးလာပြီး မြေပြင်အဖွဲ့အစည်းများ၏ အကူအညီရရှိမှု အနည်းငယ်သာရရှိနေကြကာ စားနပ်ရိက္ခာ ပြတ်လပ်မှုလည်း အမြဲကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။



















