Home သတင်း ပိုင်ကျုံမြို့နယ်အတွင်းရှိ ကော့ကရိတ်စစ်ရှောင်များ စောင်နှင့် အနွေးထည်လိုအပ်နေ

ပိုင်ကျုံမြို့နယ်အတွင်းရှိ ကော့ကရိတ်စစ်ရှောင်များ စောင်နှင့် အနွေးထည်လိုအပ်နေ

720

ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း တိမ်းရှောင်လာသည့် ကော့ကရိတ်နှင့် ကျုံဒိုးမြို့နယ်များမှ ဒေသခံစစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင် အနွေးထည်နှင့် စောင်များ လိုအပ်နေကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ တစ်သောင်းကျော် ပိုင်ကျုံမြို့ထဲသို့ တိမ်းရှောင်လာခဲ့ပြီး လတ်တလော ရာသီဥတု အေးသော ကြောင့် စောင်နှင့် အနွေးထည်များ လိုအပ်နေခြင်းဖြစ်သည်ဟု ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်မှ စစ်ဘေးတိမ်းရှောင်လာသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒီမှာက အရမ်းအေးတယ်။ ကလေးတွေ ညဘက်ချမ်းပြီး ငိုတော့ ရှိတဲ့အဝတ်စောင်တွေနဲ့ ပတ်ပေး ထားရ တယ်။ အဓိက လိုတာတော့ စားစရာရယ်။ အဝတ်အစားပေါ့။ ထွက်ပြေးလာခဲ့တုန်းက ဘာမှ မပါခဲ့တော့ အခု လာလှူတဲ့ဟာတွေနဲ့ ရှိတဲ့ဟာတွေနဲ့ ချွေတာ စားရတာပေါ” ဟု ထိုစစ်ရှောင်က ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်မှ စစ်ရှောင်လာသော ဒေသခံများကို ကရင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ဖြစ်သည့် ပြည်တွင်း ဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-CIDKP နှင့် ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်အမျိုးသမီးအစည်းအရုံး-KWOတို့ဦးဆောင်ပြီး စစ်ဘေးရှောင်အကူအညီ ပေးရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ရိက္ခာများပေးဝေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်ကလည်း အရပ်သားများ၏ နေအိမ်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ဆက်တိုက် ပြုလုပ်နေသောကြောင့် ဒေသခံများအနေဖြင့် မိမိတို့၏ ဒေသများသို့ ပြန်လည် နေထိုင်နိုင်ခြင်းမရှိ သေးသလို ကာလရှည်ကြာ စစ်ရှောင်နေရ၍ အခက်ခဲများစွာ ရှိလာကြောင်း ကော့ကရိတ်မြို့ခံ စစ်ရှောင်တစ်ဦးက ပြောသည်။

၎င်းက “လာနေတာတော့ ကြာပြီး။ ကိုယ့်ဒေသမဟုတ်တော့ လုပ်ကိုင်စားရတာ အဆင်မပြေဘူး။ အခုက ဆောင်းရာသီဆိုတော့အေးတယ်။ လူကြီးတွေရော ကလေးတွေရော အနွေးထည်ပါမလာဘူး။ စောင် လည်း မရှိတော့ ရှိတာကို မျှပြီး ခြုံရတယ်။ အခက်အခဲက နေထိုင်ရတာရော စားဝတ်နေရေးရော ခက်ခဲများစွာ ရှိနေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ဘေးရှောင်များအတွက် လူသားချင်စာနာထောက်ထားမှု အကူအညီ ပုံမှန်မရရှိသောကြောင့် ရေရှည် စစ်ရှောင်နေရသူများအတွက် အခက်အခဲများ ရှိလာနိုင်သည့်အပေါ် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်း ဖြေရှင်းသွားရန်လည်း ၎င်းစစ်ဘေးရှောင်များကို ကူညီပေးနေသည့် ပိုင်ကျုံမြို့နယ် KYO ဥက္ကဌ စောသာဆူးက စစ်ရှောင်များအား ယခုလို အကြံပြုပြောဆိုသွားသည်။

“ကျနော်တို့ အခုလို လာရောက်လှူတာက ပြင်ပက အလှူရှင်တွေရော ပူးပေါင်းချိတ်ဆက်ပြီး လာလှူတာ။ လိုအပ်ချက်တွေတော့ ရှိမှာပဲ။ ကျနော်တို့လည်း အမြဲတမ်းလာရောက် လှူနိုင်မှာ မဟုတ်ဘူး။ အဲ့တာကြောင့်မလို့ ဈေးရောင်းတတ်တဲ့လူက ရောင်းမလား။ မုန့်လုပ် တတ်တဲ့လူက မုန့်လုပ် ရောင်းမလား ရောင်းလို့ရတယ်။ လိုအပ်တဲ့ အကူညီတွေကို ကျနော့်ကို ပြောလို့ ရသလို အဲဒါမှ ရေရှည်မှာ အဆင်ပြေမှာ”ဟု မြို့နယ် KYO ဥက္ကဋ္ဌက ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့ပေါ်တွင်း နှစ်ဖက်တိုက်ပွဲများ ပိုမို ပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ လေ ကြောင်း၊ လက်နက်ကြီးများအပြင် မြေပြင်စစ်ကူများလည်း အမြောက်အများ ပေးပို့လာသောကြောင့် နှစ်ဖက် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ရှောင်ပြည်သူများ၏ နေအိမ်များမီးလောင် ပျက်စီးသွားခြင်း၊ တန်ဖိုးကြီးပစ္စည်းများစွာပျောက်ဆုံးခြင်းနှင့် နေအိမ်များဖောက်ထွင်းခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့သေးကြောင်း စစ်ရှောင်ပြည်သူများက ပြောဆိုသည်။