Home သတင်း ချင်းတော်လှန်ရေးအဖွဲ့၏ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး

ချင်းတော်လှန်ရေးအဖွဲ့၏ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး

684
Photo: ချင်းတော်လှန်ရေးတပ်ဖွဲ့

ဇန်နဝါရီလ ၁၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအတွင်း နှစ်နှစ်အကြာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၁၂ ရက်မှစ၍ ယနေ့ ၁၆ ရက်နေ့အထိ ၅ ရက်တာ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးသေဆုံးခဲ့ကြောင်း CDF (Civic Defense Militia – CDM Siyin) ၏ ပြောခွင့်ရ ရမ်ဘွဲက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်များနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များက ၅ ကြိမ်ခန့်တိုက်ခိုက်ခဲ့ရပြီး တိုက်ခိုက်မှုအတွင်း စစ်သား ၁၂ ဦးနှင့် ရဲတပ်သား ၁၈ ဦးသေဆုံးခဲ့သည့်အပြင် စစ်စခန်းကိုလည်း မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောခွင့်ရ ရမ်ဘွဲက ယခုလိုပြောသည်။

“ကျနော်တို့ချင်းပြည်နယ်မှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေ ၉ ဖွဲ့ ပေါင်းပြီးတိုက်ခိုက်ခဲ့တယ်။ ဒီမနက် ၇ နာရီခွဲမှာကျနော်တို့စခန်းကို အပြီးပိုင်သိမ်းနိုင်ခဲ့တယ်။ စစ်သားက ၁၂ ယောက် ရဲက ၁၈ ယောက် ကျပါတယ်။ သူတို့ဘက်ခြမ်းက မဆုတ်တမ်းခံပစ်နေတာ စခန်းက သိပ်မကျယ်ဘူး။ ဒီတစ်ခါနဲ့ဆို ကျနော်တို့တိုက်တာ ၅ ကြိမ်မြောက်တောင်ရှိနေပြီး။ သူတို့က မဆုတ်တမ်းတိုက်တော့ သူတို့ အလောင်း တွေပဲ ဖြစ်သွားတယ်။ ဘယ်သူမှ အသက်ရှင်မကျန်တော့ဘူး။” ဟု ပြောခွင့်ရ ရမ်ဘွဲက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ စခန်းသိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်နေကြောင်းလည်း ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

၎င်းစစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသည့် အလားတူ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်(၈)ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ့ အချို့လည်းရှိကြောင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

သိုင်းငင်း စစ်ကောင်စီတပ်စခန်းတိုက်ခိုက် သိမ်းပိုက်မှုကို ချင်းအမျိုးသားတပ်မတော်-CNA၊ CDF Hakha ၊ CDF Thantlang၊ CDF Hualngoram၊ CDF Zangiat ၊ CDF KKG ၊ PDA ၊ TCDF PDF Zoland နှင့် CDF Siyin စသည့်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့ဒေသတစ်ခုလုံးကိုလည်း ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားများလည်း ချုပ်ငြိမ်းသွားပြီးဖြစ်ကြောင်း AA က သတင်း ထုတ်ပြန်ထားသည်။