Home သတင်း မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားလုပ်ငန်းခွင်၌ မြန်မာအလုပ်သမား ၂၆ ဦးလုပ်အားခ ပြန်ရရန် တင်ပြတောင်းခံ

မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားလုပ်ငန်းခွင်၌ မြန်မာအလုပ်သမား ၂၆ ဦးလုပ်အားခ ပြန်ရရန် တင်ပြတောင်းခံ

759
Photo: JACBA

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

တာ့ခ်ခရိုင် မဲဆောက်မြို့နှင့် ကရင်ပြည်နယ် မြဝတီမြို့ကို ဆက်သွယ်ထားသော အမှတ် (၂ ) ချစ်ကြည်ရေးတံတားလုပ်ငန်းခွင်တွင် ၇ လခန့်ကြာ လုပ်အားခမရသည့် အလုပ်သမား (၂၆)ဦးက လုပ်အားခပြန်လည်ရရှိရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးတွင် ဇန်နဝါရီလ ၁၅ရက်၊ ယမန်နေ့တွင် သွားရောက်တင်ပြတောင်းခံခဲ့သည်ဟု သိရသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ -JACBA အဖွဲ့၏ ကူညီမှုဖြင့် ၎င်းတို့ လုပ်အားခပြန်လည်ရရှိရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးတွင် သွားရောက်တင်ပြခြင်း ဖြစ်ပြီး အလုပ်သမား (၂၆)ဦးအတွက် ဘတ်နှစ်သိန်း(၂၀၀,၀၀၀)ကျော်ခန့် လုပ်အားခရရန်ရှိသည်ဟု နစ်နာသည့် အလုပ်သမားဘက်က ပြောသည်။

လုပ်အားခမရသည့် ပန်းရံအလုပ်သမား ကိုထက်က “ကျနော်တို့က အဲဒီလုပ်ခန်းခွင်က ပန်းရံ(ကော်စ ) လုပ်တာ ပြီးခဲ့တဲ့ (၇)လပိုင်းကတည်းကစပြီး လုပ်အားခမရတာ။ ပြန်ရမယ်မျှော်လင့်ချက်နဲ့ ၁၀ လပိုင်း အထိ ကျနော်တို့ ဆက်လုပ်သေးတယ်။ နောက်ဆုံးမရတော့ ကျနော်တို့ ထွက်လိုက်တယ်။ အခုဆိုရင် ခုနှစ်လလောက်ရှိပြီး။ ကျနော်တို့ လုပ်အားခကို ကျနော်တို့ပြန်ရဖို့ လူစုပြီး ဆရာတို့အကူအညီနဲ့ ရုံးမှာလာတောင်းတင်ပြတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အလုပ်သမား (၂၆)ဦးထဲတွင် အမျိုးသမီး(၉)ဦးနှင့် အမျိုးသား (၁၇)ဦးပါဝင်ပြီး အချို့မှာ လက်ရှိအချိန်ထိ ဝင်ငွေမရှိသည့်အတွက် စားဝတ်နေရေးအခက်အခဲ ရင်ဆိုင်ကြုံတွေ့ရသည့် အတွက်ကြောင့် လုပ်အားခပြန်ရရှိရန် လူကိုပြန်လည်စုစည်းကာ ယခုလို လာရောက် တင်ပြခြင်းဖြစ်ကြောင်းလည်း ထိုအလုပ်သမားက ဆက်ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်(၂) တံတား၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်အားခ မရသည့် အလုပ်သမားဦးရေ ၁၀၀ ခန့်ရှိကာ ထိုအလုပ်သမားထဲတွင် ထိုင်းနိုင်ငံသား ၁၁ ဦးခန့်ပါဝင်သည်ဟု လုပ်အားခ ပြန်လည်ရရှိရေး လိုက်လံကူညီဆောင်ရွက်ပေးသည့် JACBA အဖွဲ့က ပြောသည်။

Photo: JACBA

ထိုအလုပ်သမား (၁၀၀)ခန့်အနက် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပထမအသုတ်အဖြစ် (၂၃)ဦးက လုပ်အားခ ပြန်ရရှိရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနရုံးထံ သွားရောက်တင်ပြတောင်းဆိုမှု ပြုလုပ် ရာတွင် စုစုပေါင်းဘတ်တစ်သိန်း(၁၀၀,၀၀၀) ကျော်ပြန်ရရှိခဲ့သည့်အတွက် ကျန်ရှိသောသူများထဲမှ ယခု ၂၆ ဦးသည်လည်း ဒုတိယအသုတ်အဖြစ် လာရောက်အမှုတင်ပြတောင်းခံခြင်းဖြစ်သည်ဟု JACBA အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ အရှေ့က ၂၃ ယောက်တုန်းကဘတ် (၁၃၀,၀၀၀)ရတယ်။ အဲဒီအခါကျတော့ ချောင်ကြိုချောင် ကြားကနေ အလျှိုလျှိုထွက်လာပြီးတော့ အခုအမှုရင်ဆိုင်တာဖြစ်တယ်။ အဲဒီတော့ရက်(၆၀)ကြာမယ်။ ကျိန်းသေပေါက်ပြန်ရမယ်၊ အလုပ်ရှင်က ပေးမယ်။ သို့သော် ရာနှုန်းပြည့်တော့ ရချင်မှရမယ်။ ထိုင်းအ လုပ်သမားဝန်ကြီးဌာနဘက်က ဆုံးဖြတ်ချက်တွေက အလုပ်ရှင်ဘက်ကို မသိမသာ သာသာထိုးပြီး လုပ်ပေးတဲ့သဘာဝရှိတဲ့အခါကျတော့ အလုပ်ရှင်ဘက်က စောဒကတစ်ခုခု တက်လာရင်လျှော့ပေါ့ သက်သာလေးလုပ်ပေးတတ်တဲ့သဘောသဘာဝရှိတယ်။ ” ဟု ပြောသည်။

တာ့ခ်ခရိုင်အတွင်း ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စက်ရုံအလုပ်ရုံနှင့် အိမ်တွင်းမှုလုပ်ငန်းခွင်ထဲတွင် အလုပ်ရှင်ဘက်မှ အလုပ်သမားများကို လုပ်အားခအပြည့်မပေးသည့် အမှုအဖြစ်များပြီး ရုံးမှတစ်ဆင့် ဆင့်ခေါ်လာမှ အလုပ်ရှင်ဘက်က လုပ်အားခပေးကာ နောက်နောင်မဖြစ်စေရေးအတွက် ထို အလုပ်ရှင်များကို ထိုင်းဥပဒေဘက်မှ အရေးယူမှုမရှိသေးကြောင်းလည်း ဦးမိုးကြိုးက ဖြည့်စွက်ပြောဆို သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် JACBA အဖွဲ့ လိုက်ပါလုပ်ဆောင်ပေးရသည့် လုပ်အားခ မရသော ရွှေ့ပြောင်းအလုပ်သမား အမှု ၃၀ ရှိပြီး အလုပ်သမားရုံးကို မရောက်ဘဲ အလုပ်ရှင်နှင့် အလုပ်သမား တို့ကြား စေ့စပ်ပြန်ဖြေပေးရသည့် အမှု (၅)မှုရှိကြောင်းလည်း JACBA အဖွဲ့က ပြောသည်။