Home သတင်း OKRSO ကျင်းပသည့် ဘန်ကောက် ကရင်နှစ်သစ်ကူးပွဲတော် ပရိဿတ် တစ်သောင်းကျော် တက်ရောက်ခဲ့

OKRSO ကျင်းပသည့် ဘန်ကောက် ကရင်နှစ်သစ်ကူးပွဲတော် ပရိဿတ် တစ်သောင်းကျော် တက်ရောက်ခဲ့

134
Photo: OKRSO

ဇန်နဝါရီ ၂၉ရက်၊ ၂၀၂၄။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ( )ဘုန်းကြီးကျောင်းတွင် ၂၇၆၃ ကရင်နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၈ရက်နေ့ မနက် ၉နာရီခွဲမှ စတင် ကျင်းပခဲ့ရာ လူပရိဿတ်ပေါင်း တစ်သောင်းငါးရာကျော်(၁၀,၅၀၀)ကျော် တက်ရောက်ဆင်နွဲခဲ့ကြသည်။

Oversea Karen Refugees Social Organization (OKRSO)က ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါ နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကရင့်ရိုးရာ ကျွဲချိုမှုတ်ခြင်း၊ ဖားစည်တီးခြင်းဖြင့် ပွဲတော်အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး သဘာပတိဖြစ်သူ OKRSO ဥက္ကဌ စောမင်းခိုင်ဦးက အဖွင့်မိန့်ခွန်းကို ပိုးကရင်ဘာသာဖြင့် ပြောကြားခဲ့သည်။

၎င်းပွဲတော်သို့ အထူးဧည့်သည်အဖြစ် ထိုင်းနိုင်ငံရေးပါတီဖြစ်သည့် Move Forward (ကောက်ကလိုင်)ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပြင် ထိုင်းပညာရေးကိုယ်စားလှယ်များ၊ ရပ်ချ်ဘူရီ စွန်ဖုမြို့နယ်ရှိ ထိုင်းကရင် ယဥ်ကျေးမှုအဖွဲ့၊ မဲဆောက်၊ ချင်းမိုင် ယဥ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်အသီးသီး တက်ရောက်ခဲ့ကြသည်ဟု ဦးဆောင်ကျင်းပသူများထံမှ သိရသည်။

Photo: OKRSO

ထို့အပြင် ရိုးရာကောက်သစ်စားပွဲ အစီအစဉ်၊ ဟောပြောပွဲများ၊ ယဉ်ကျေးမှုဒုံးအကများ၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေမှု များနှင့် ဘောလုံးပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြပြီး မွန်းတည့် ၁၂နာရီတွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို များသောအားဖြင့် ပြာသိုလဆန်းတစ်ရက်နေ့ဖြစ်သည့် ၂၀၂၄ ဇန်နဝါရီလ ၁၁ရက်နေ့ တွင် ကျင်းပကြရသော်လည်း ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်နေကြသူများ အလုပ်နားရက်ဖြစ်သည့် ဇန်နဝါရီလ ၂၈ရက်(တနင်္ဂနွေနေ့)မှသာ ကျင်းပပြုလုပ်ခဲ့ရခြင်းဖြစ်သည်။