Home သတင်း လက်နက်ကြီးရန်ကြောင့် သထုံခရိုင်အတွင်းရှိ ကျေးရွာအချို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်နေရ

လက်နက်ကြီးရန်ကြောင့် သထုံခရိုင်အတွင်းရှိ ကျေးရွာအချို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်နေရ

269
Photo: CJ

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁) သထုံခရိုင်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်၏ မကြာခဏဆိုသလို လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ရွာခံများ မိသားစုလိုက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ထိုဒေသခံများထံမှ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၁)ဘက်မှ ခရိုင်အတွင်းရှိကျေးရွာများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဗုံးခိုကျင်းများ အပြီး သတ်တူးထားကြရန် နှင့် သုံးလစာ ရိက္ခာများစုဆောင်းထားကြရန် စာထုတ်ပြန်ညွှန်ကြားထားပြီးနောက် ကျေးရွာအများစု ရိက္ခာစုဆောင်းထားကြသလို လက်နက်ကြီးထိခိုက်မှုမကြာခဏ ဖြစ်ပွားနေသော အချို့ကျေးရွာများမှာလည်း မိသားစုလိုက် ခေါ်ဆောင်၍ ဘေးလွတ်ရာ နေရာများသို့ သွားရောက်နေထိုင်ကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အဓိကကတော့ စစ်တပ်ဘက်ကလက်နက်ကြီးညတိုင်းလိုလိုပစ်တယ်လေ အိမ်တွေပေါ်ကျပြီး ထိခိုက်တာတွေလည်းရှိထားတော့ သူတို့အိမ်ပေါ်ကျပြီးထိခိုက်မှာကို ကြောက်လို့ ပြောင်းနေကြတာ။” ဟု ကေအိုင်စီကို ပြောသည်။

သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်မူ နေအိမ်တိုင်းလိုလို ဗုံးခိုကျင်းနှင့်ရိက္ခာစုဆောင်းမှုများ ထားရှိပြီးဖြစ်သော်လည်း နေအိမ်စွန့်ခွာနေထိုင်ရန် အခက်အခဲရှိသဖြင့် လက်နက်ကြီးကျရောက်မည့်အန္တရာယ်ကိုသာ သတိထားနေထိုင်နေကြရကြောင်း ဒေသခံများက ပြောဆိုထားသည်။

မိသားစုလိုက် နေအိမ်ရွှေ့ပြောင်းနေထိုင်နေကြသော ဒေသခံများသည်လည်း ညဘက်တွင်သာ တိမ်းရှောင်ရာ နေရာတွင် အိပ်စက်အနားယူကြခြင်းဖြစ်ပြီး နေ့ဘက်မှ မိမိတို့နေအိမ်များသို့ ခေတ္တပြန်လည်ကြည့်ရှုရသည့်အခြေအနေ ဖြစ်သည်ဟု အထက်ပါဒေသခံအမျိုးသမီးက ဆက်လက်ပြောဆိုသည်။

၎င်းက “ နေ့ခင်းဘက်ဆိုအိမ်ကိုခဏပြန်ကြပေါ့။ စုနေကြတယ်ဆိုတာကလည်း မိသားစုတစ်စုတည်းမဟုတ်ဘူး။ နှစ်စု သုံးစု၊ အများဆုံး ငါးစုလောက်ထိစုနေကြတာ။ မိသားစုတစ်စုဆီ တဲလေးတွေ ဆောက်ထားတယ်။ ရိက္ခာကျတော့ ကေအဲန်ယူက ရိက္ခာသုံး လစာလောက်စုထားဖို့ပြောထားတော့ စုထားပြီး အိမ်တွေကိုတော့ နေ့အချိန်လောက်ပဲ ခဏပြန်ကြတော့တာ။” ဟု ယင်းအမျိုးသမီးက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းကစတင်ဖြစ်ပွားနေသော ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာအနီး စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ ထိတွေ့တိုက်ပွဲများကြောင့်လည်း ရွာနေဒေသခံများ‌ ဘေးလွတ်ရာတိမ်းရှောင်နေကြရသလို ရွာအတွင်းရှိနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများ လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။