Home သတင်း KNU နယ်မြေတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် သေဆုံးခဲ့

KNU နယ်မြေတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် သေဆုံးခဲ့

826
Photo: KNU

ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စခန်း သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း အကြိမ်(၄၀၀၀)ကျော်ဖြစ်ပွားရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် (၅၀၀၀)ကျော်သေဆုံးသည်ဟု ဇန်နဝါရီလ ၁၈ရက် ယမန်နေ့က ထုတ်ပြန်သည့် ကေအဲန်ယူ၏ နှစ်ချုပ်စာရင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်တပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO ဦးဆောင်မှု အောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ကြားတို့အကြား တစ်နှစ်အတွင်း တိုက်ပွဲပေါင်း (၄၆၂၃)ကြိမ် ထက်မနည်းဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀၀၅)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၃၄၅)ဦးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် KNLA၊ KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်လည်း တစ်နှစ်အတွင်း တပ်ဖွဲ့ဝင်ပေါင်း (၁၅၄)ဦးကျဆုံးရသလို ထိခိုက်ဒဏ်ရာရရှိသူ (၅၉၇)ဦးရှိကြောင်းလည်း KNU ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကေအဲန်ယူ နယ်မြေထဲတွင် စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး တစ်နှစ်အတွင်း အကြိမ်ရေ(၇၉၁)ကြိမ်ရှိသည့်အပြင် လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုအကြိမ်ရေ (၂၀၇၅) ကြိမ်အထိရှိကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထိုသို့မကဘဲ စစ်ကောင်စီဘက်မှ ပြည်သူလူထုများအပေါ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းနှင့် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လူနေအိမ်၊ အများပိုင်အဆောက်အဦးနှင့် ဘာသာရေး အဆောက်အဦးမီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းခြင်းနှင့် ငွေကြေးတောင်း ခြိမ်းခြောက် မှုစသည့် လူ့အခွင့်အရေးချိုးဖောက်မှုလည်း အကြိမ်ရေများစွာ ချိုးဖောက်ခဲ့ခြင်းရှိကြောင်း ကေအဲန်ယူ ဘက်က ပြောသည်။

စစ်ကောင်စီဘက်မှ ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အကြိမ်ရေပေါင်း (၃၁၂၅) ထက်မနည်းရှိပြီး အဆိုပါကျူးလွန်မှုများကြောင့် ပြည်သူလူထု (၁၉၅)ဦးသေဆုံးရပြီး (၆၆၁)ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် (၁၉၇)ဦးမှာ အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားသည့်စာရင်းအရသိရသည်။

နယ်မြေထဲတွင် ဖြစ်ပွားသည့်တိုက်ပွဲနှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း ပစ်ခတ်မှု ပိုမိုလုပ်ဆောင်သည့်အတွက် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ ကေအဲန်ယူ ထိန်းချုပ်နယ် မြေထဲတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ (၇၅၁,၆၆၉)ဦးရှိကာ ထိုအထဲတွင် ခလယ်လွီထူ(ညောင်လေးပင်ခရိုင်)နှင့် ဒူးပလာယာခရိုင်တွင် စစ်ရှောင်အများဆုံးဖြစ်ကြောင်းလည်း KNUက ထုတ်ပြန်ထားသည်။

အရပ်သားအစိုးရထံ စစ်တပ်အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၃ခုနှစ်ကုန်အထိ သုံးနှစ်တာကာအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲစုစုပေါင်း(၁၂၆၆၁) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁၈၈၁) ဦး သေဆုံးမှုရှိကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။