Home သတင်း ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ခေါ်ယူစုဆောင်းမှုကြောင့် ကျေးရွာလူငယ်များ ထွက်ပြေးနေရ

ကျောက်တံခါးမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ခေါ်ယူစုဆောင်းမှုကြောင့် ကျေးရွာလူငယ်များ ထွက်ပြေးနေရ

766
Photo: CINCDS

ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီ၊ ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဦးဆောင်၍ ဒေသခံရွာသားများကို ပြည်သူ့စစ်လုပ်ရန် ခေါ်ယူစုဆောင်းမှုကြောင့် ကျေးရွာလူငယ်အများအပြား ဒေသစွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံရွာသားများက ကေအိုင်စီသို့ ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်မှအသက် ၆၀ နှစ်အောက် ဒေသခံ အမျိုး သားများကို ရပ်ကွက်ငြိမ်းချမ်းသာယာအေးချမ်းရေးအတွက် မဲနှိုက်စနစ်ဖြင့် အတင်းအဓမ္မ စုဆောင်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ မဲနှိုက်ပြီး မဲပေါက်၍ ပြည်သူ့စစ်ထဲသို့ မဝင်ချင်ပါက တစ်ပတ်လျှင် ငွေကျပ် ၅ သိန်းဖြင့် အပတ်တိုင်း ပေးဆောင်ရမည်ဖြစ်သလို ငွေကြေးမပေးဆောင်နိုင်သည့် ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း အမည်မဖော်လိုသူ ကျောက်တံခါး မြို့နယ်မှ ရွာသားတစ်ဦးက ယခုလိုပြောသည်။

“ကျောက်တံခါးမြို့နယ်မှာရော မြို့မှာရော မဲစနှိုက်ပြီး။ မဲပေါက်တဲ့သူက မသွားဘူးဆိုရင် တစ်ပတ်ကို အပတ် တိုင်း ၅ သိန်းပေးရမယ်။ မသွားမနေရ လုပ်တဲ့သဘောပေါ့။ မပေးတဲ့ရွာတွေကိုလည်း မီးရှို့မယ်။ ကျနော် လည်း အခြေအနေ စောင့်ကြည့်နေတယ်။ ဒီဘက်ကိုတော့ မရောက်သေးဘူး။ တခြားရပ်ကွက်မှာတော့ လုပ်နေပြီး။ တစ်ချို့ကရင်လူငယ်ရော၊ မြန်မာရောအကုန်လုံး ဘေးကင်းတဲ့နေရာ လွတ်မြောက်နယ်မြေဘက်ကို ပြေးကြကုန်ပြီး”ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျေးရွာရပ်ကွက်များထဲမှ အရပ်သား ပြည် သူများကို ပြည်သူ့စစ်ထဲသို့ ဝင်ရောက်ရန် လိုက်လံစုဆောင်းနေခြင်းသည် ကျောက်တံခါးမြို့နယ်တွင် သာမက အခြားသော ညောင်လေးပင် ၊  တောင်ငူ၊ ရွှေကျင်နှင့် ပေါင်းတည်စသည့်မြို့နယ်များတွင်လည်း အလားတူပင် လုပ်ဆောင် နေလျက်ရှိသည်။

ထို့အပြင် ရပ်ကွက်တစ်ခုလျှင် အင်အား ၄၀ဖြင့် အရံအင်အားအဖြစ်ထားရှိမည်ဖြစ်ကာ ဝန်းထမ်းနှင့် ကျောင်း သားများမှလွဲ၍ ကျန်းမာသန်စွမ်းသူများကို ပြည်သူ့စစ် ရဲဘော်များအဖြစ် ဖွဲ့စည်းထားမည့်အပြင် စစ်သင်တန်းပို့ချကာ လက်နက်တပ်ဆင်ပေးပြီး ရပ်ကွက်လုံခြုံရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပေါင်းတည်မြို့ရှိ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စာထုတ်ပြန်ထားသည်ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

ယခုလို စစ်ကောင်စီတပ်က ဒေသခံများကို ပြည်သူ့စစ်ဖွဲ့စည်းရန် ကြိုးပမ်းမှုကို ပြည်သူများအနေဖြင့် နည်း လမ်းမျိုးစုံ အသုံးပြုပြီး ရှောင်ကြဉ်ရန်နှင့် ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖိအားပေးခြိမ်းခြောက်သူများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း ဇန်နဝါရီလ ၁၈ ရက် ယနေ့ရက်စွဲဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက သတိပေး ထုတ်ပြန်ထားသည်။

အလားတူ ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်ရှိ နယ်ခြားစောင့်တပ်-BGF တပ်များထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့တွင်လည်း ပြည်သူ့စစ်စုဆောင်းပြီး ငွေကြေးကောက်ခံမှုများ ပြုလုပ်နေလျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။