Home သတင်း KNU တပ်မဟာ(၃)နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည့်ဓာတ်ပုံများ ပျံ့နှံ့နေ

KNU တပ်မဟာ(၃)နယ်မြေ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည့်ဓာတ်ပုံများ ပျံ့နှံ့နေ

960
Photo: KNU

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် နတ်သံကွင်းမြို့တွင် ပြီးခဲ့ သည့် ဒီဇင်ဘာလကုန်ပိုင်းမှ လက်ရှိအချိန်ထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မြင်ကွင်းဓာတ်ပုံများ ယမန်နေ့ လှုမှုကွန်ရက်စာမျက်နှာတွင် ထွက်ပေါ်ပျံ့နှံ့လာသည်။

ဒရုန်းယာဉ်ဖြင့် အပေါ်စီးမှ ရိုက်ကူးထားပုံရသော အဆိုပါဓာတ်ပုံများတွင် ကားလမ်းမပေါ်၌ လဲကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၀)ဦးထက်မနည်း မြင်တွေ့နေရပြီး ပုံပါ လမ်းမရှည်ကြီးမှာ နတ်သံကွင်း-ပဲနွယ်ကုန်း လမ်းမကြီး၏ ပုံရိပ်များဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောသည်။

တစ်လနီးပါးကြာ ဖြစ်ပွားလျက်ရှိသည့် နတ်သံကွင်းတိုက်ပွဲကာလအတွင်း နှစ်ဖက်ထိခိုက်မှုလည်း များပြားခဲ့ပြီး ယနေ့ချိန်အထိ မြို့အတွင်း နှစ်ဖက်တပ်များက ထိပ်တိုက်ဆိုင်ထားကြသော အနေအထားဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့်နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

“တိုက်ပွဲကတော့ မငြိမ်သေးဘူး၊ နှစ်ဖက်ဆိုင်ထားတုန်းပဲ။ အရင်လိုတော့အရမ်း အထိနာတာတော့ မရှိ တော့ဘူးဆိုပေမဲ့ သူဦးသူဆော်၊ ကိုယ်ဦး ကိုယ်ဆော်တယ်။ နေ့တိုင်းလက်နက်ကြီးထုတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်အထိ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုများ ငြိမ်သက်သွားသော်လည်း ကင်းထောက်လေယာဥ်များ ဝဲပျံမှုနေ့စဥ်ရှိနေသည်ဟု မြို့မှစွန့်ခွာရှောင်တိမ်းနေရသော ဒေသခံများထံမှ သိရသည်။

Photo: KNU

စစ်ရှောင်ဒေသခံတစ်ဦးက “တိုက်ပွဲကြီးကြီးရယ်တော့မရှိတော့ဘူး၊ ညတိုင်းကတော့ သေနတ် သံက တော့ကြားနေရတာပဲ။ သူတို့စစ်ကူရောက်တဲ့နောက်ပိုင်း ငြိမ်သွားတယ်။ ပိန်းဇလုပ်ဘက်ကတော့ လက်နက်ကြီးတစ်ခါလှမ်းပစ်တယ်။ သူတို့ကင်းထောက် ဒရုန်းကတော့ နေ့တိုင်းလာတယ်။” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု နောက်ဆုံးအခြေအနေအား ကေအဲန်ယူ အပါအဝင် တော်လှန်ရေး အင်အားစုများဘက်မှ လက်ရှိအချိန်ထိ ထုတ်ပြန်ချက်တစ်စုံတစ်ရာ မတွေ့ရှိရသေးပါ။

စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့်မီဒီယာများတွင်မူ နတ်သံကွင်းမြို့ ရဲစခန်းအား တိုက်ခိုက်စဥ် ၎င်းတို့ပူးပေါင်းတပ်ဘက်က ရရှိခဲ့သည့်လက်နက်များဟူ၍ လက်နက်ပေါင်း(၂၀)ထက်မနည်းအား ခင်းကျင်း ပြသထားသည့် ဓာတ်ပုံများကို ဇန်နဝါရီလ(၁၀)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။