ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာ များတွင် ယခုရက်ပိုင်းအတွင်း အရေပြားယားနာရောဂါ ပိုအဖြစ်များလာနေပြီး ကျန်းမာရေး ကုသ မှုခံယူသော်လည်း ပျောက်ကင်းသည့်အချိန် ရှည်ကြာနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။
အဆိုပါ ယားနာရောဂါခံစားရသူများမှာ ကိုယ်ခန္ဓာ အဆမတန် ယားယံရာမှ အရည်ကြည်ဖုထလာပြီး ကုတ်ဖဲ့ကျန်ရှိသော အနာများမှတဆင့် တစ်နေရာမှ တစ်နေရာသို့ ကူးစက်လွယ်၍ ဆေးပေးခန်းမှ ညွှန်ကြားသော သောက်ဆေး၊ စားဆေးများ အသုံးပြုသော်လည်း ပျောက်ကင်းရန်ခဲယဥ်းကြောင်း ယား နာရောဂါခံစားနေရသူ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
၎င်းက “စစဦးဆုံး ခန္ဓာကိုယ်က အရင်စယားတယ်၊ ယားပြီး မီးလောင်ရာလိုမျိုး အရည်ကြည်ဖုတွေ ပေါက်ပြီး ဆက်ကူးတယ်။ အဲဒီအင်္ကျီကို သူများမလျှော်ဘဲ ဆက်ဝတ်မိရင်လည်း ကူးတယ်။ ဆေးမှူးတွေကတော့ ရေချိုးရင် ဆပ်ပြာနဲ့မချိုးခိုင်းဘူး။ အိပ်ရာတွေစောင်တွေကို သန့်ရှင်းရေး လုပ်ခိုင်းတယ်၊ အပြင်ထုတ်လှန်းခိုင်းတယ်။ ဆောင်းတွင်းဆိုပေမဲ့ နေ့လည်ဘက်ဆိုရင်ပူတာကိုး၊ ဖုန်လည်းပေါတော့ တချို့တွေက ဆောင်းတွင်းအေးတယ်ဆိုပြီး ရေမချိုးတာတို့ တစ်ပတ်မှ တစ်ခါချိုး တာတို့တော့ ရှိတယ်။ ဆေးခန်းက သောက်ဆေးရော လိမ်းဆေးရော ပေးပေမယ့် မပျောက် တာ။” ဟု ကေအိုင်စီကို ပြောသည်။
ကူးစက်လွယ် ယားနာရောဂါဖြစ်ပွားသူများတွင် အရပ်သားဒေသခံများအပါအဝင် တော်လှန်ရေး အင်အားစုများလည်း ပါဝင်နေပြီး ၎င်းတို့တွင် စစ်ကြောင်းထွက်ချိန် မသန့်ရှင်းသော ချောင်းရေကို အသုံးပြုမိသူများရှိသော်လည်း မည်သည့်အကြောင်းအရင်းကြောင့် ရောဂါ ဖြစ်ပွားရခြင်းကိုမူ တိတိကျကျမသိရှိသေးဟု အင်အားစုများနှင့် နီးစပ်သူများက ပြောသည်။
အဆိုပါ ရောဂါသည် သထုံခရိုင်အတွင်းရှိ ကျေးလက်ဒေသများတွင်သာမက မြို့ပေါ်နေရာများတွင် ဖြစ် ပွားနေသည်ကို တွေ့ရှိနေရသလို ကျန်းမာရေးလုပ်သားများအနေဖြင့်လည်း ဆေးပေးကုသရုံမှလွဲ၍ ရောဂါဖြစ်ပွားရသည့်အကြောင်းအရင်းကို သုတေသနမပြုရသေးကြောင်း KNU တပ်မဟာ(၁)သထုံခရိုင်၏ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေး ဌာန (KDHW) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိကတော့ တော်တော်များများဖြစ်ကြတယ်။ သံသယအနေနဲ့ကတော့ ကိုဗစ်နောက်ဆက်တွဲလား၊ ရေကြောင့်လား၊ စစ်တပ်ဘက်ကသုံးတဲ့ လက်နက်ခဲယမ်းတွေကြောင့်လား အတိအကျ သုတေသန အနေနဲ့ ဘာမှလုပ်လို့မရသေးဘူး။ Action Plan ချပြီး လုပ်ရတာမျိုးတော့ မရှိသေးဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ရောဂါဖြစ်ပွားရာနယ်မြေမှ ဒေသခံများသည် KDHW မှ ကျေးရွာများတွင် ဖွင့်လှစ်ထားသော ဆေးကုသ ခန်းများတွင် နီးစပ်ရာအလိုက် လာရောက်ကုသမှုရှိသလို အချို့မှာ မြို့တွင်းရှိဆေးရုံများသို့ သွားရောက် ကုသမှုခံယူနေကြသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
KDHW အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း KNU သထုံခရိုင်အပါအဝင် ခရိုင်(၇)ခုလုံးတွင် ဆောင်းရာသီကာလ တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားခဲ့သည့်အတွက် သက်ဆိုင်ရာ ခရိုင်အလိုက် ဖွဲ့စည်းထားသော ကျန်းမာရေးဌာနများ၊ Mobile Team များဖြင့် တုပ်ကွေးနှင့် အခြားသောရောဂါကုသရေးများ ဆောင်ရွက်ပေးခဲ့သေးသည်။



















