ဇန်နဝါရီ ၁၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်ရှိ ဒေသခံ ကျေးရွာသားများသည် ရာဘာခြံများကို မြေကွက်ရိုက်ရောင်းချနေသော်လည်း ဝယ်ယူ သူနည်းပါးလျက်ရှိကြောင်း ကိုယ်တိုင်မြေကွက်ရိုက် ရောင်းချသူများက ပြောသည်။
အာဏာသိမ်းပြီးနောက် ရာဘာစျေးနှုန်း ဆက်တိုက်ကျဆင်းလာသောကြောင့် ရာဘာစိုက်သူများ အနေဖြင့် ရာဘာပင်များကို ခုတ်ရောင်း၍ ၎င်းရာဘာခြံများကိုပါ မြေကွက်ရိုက်ပြီး ရောင်းချလာကြသော်လည်း ဝယ်ယူသူ နည်းပါးကြောင်း ကိုယ်တိုင်ခြံရောင်းချသူ တစ်ဦးက ယခုလိုပြောသည်။
“လမ်းမဘေးက ခြံတွေ အများစုက ရောင်းလာကြတယ်။ အလုပ်လုပ်ဖို့လည်းအဆင်မပြေတော့ အခုက ခြံတွေကို သိပ်မဝယ်ကြတော့ဘူး။ တစ်ချို့ ခြံတွေက ပြဿနာတွေတက်တာများတော့ ဘယ်သူမှ မဝယ်ချင် ကြတော့ဘူး”ဟု ကေအိုင်စီသို့ပြောသည်။
ယခင်က ရာဘာအထူကြမ်း တစ်ပေါင်လျှင် (၁,၁၀၀) ဝန်းကျင်ရှိရာမှ ယခုနှစ်တွင် (၉၀၀)ကျပ်မှ( ၈၀၀)ကျပ် သို့ စျေးနှုန်းကျဆင်းသွားသည်။ ဓာတ်မြေသြဇာစျေးလည်း မြင့်တက်လာသောကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာသည့်အတွက် ဒေသခံများအနေဖြင့် ရာဘာပင်များကို ခုတ်ရောင်း၍ ခြံများကိုပါ အကွက်ရိုက် ရောင်းချလာကြခြင်းဖြစ်သည်။
အဆိုပါ မြေကွက်ရိုက်ရောင်းချရာတွင် အနံပေ ၄၀ အလျားပေ ၈၀ရှိသော လမ်းမဘေး ရှိမြေကွက် တစ်ကွက်လျှင် သိန်း (၁၀၀) ကျော်ထိ ပေါက်စျေးရှိပြီး အနိမ့်ဆုံး ပေါက်စျေးမှာ သိန်း ၄၀ ထိရှိနေ ကြောင်းလည်း မြေကွက်ရိုက်ရောင်းချသူများက ဆိုသည်။
ယခုလို မြေကွက်များ ဝယ်ယူသူနည်းရခြင်းမှာလည်း မြေကွက် အရှုပ်အရှင်း ကိစ္စများကြောင့် ဝယ်ယူ ကြရန် စိတ်အားထက်သန်မှုမရှိကြဘဲ အာမခံချက်ပိုမိုပေးနိုင်သည့် မြေကွက်အမျိုးအစားများကိုသာ ပိုမိုဝယ်ယူကြကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ပေးသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“တချို့မြေကွက်က ဝယ်ပြီးရင် လိုက်ရှင်းလို့ကို မနိုင်တော့ဘူး။ တချို့ဆို ရှုံးကြတယ်၊ ပြန်သိမ်းခံရတဲ့ မြေကွက်တွေကရှိတယ်။ နောက်ပိုင်း အဲလိုအကွက်တွေကို သိပ်မဝယ်ကြတော့ဘူး၊ ခြံမြေတွေ ဂရမ်ပါတဲ့ မြေတွေပဲ ဝယ်ကြတော့တယ်”ဟု ကေအိုင်စီ သို့ပြောသည်။
ယခုလို ရာဘာပင်ခုတ်ရောင်းခြင်းနှင့် ရာဘာခြံများကိုပါ မြေကွက်ရိုက် ရောင်းချမှုများ ပိုမို လုပ်ဆောင် လာကြသောကြောင့် ရာဘာလုပ်ငန်း လုပ်ကိုင်လိုသူများလည်း နည်းပါးလာနေကြောင်း ဒေသခံရာဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ခုနှစ်၊ ရာဘာစိုက်ပျိုးထုတ်လုပ်မှု စာရင်းများအရ ကရင်ပြည်နယ်အတွင်း စုစုပေါင်း ရာဘာ စိုက်ဧက (၂၆၉,၀၅၅) ၊ ရာဘာအစေးလှီးဧက (၁၆၈,၀၂၈)ဧကရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။



















