Home သတင်း (၁၁၁၁) စစ်ဆင်ရေးတွင် ကရင်နီပြည်တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုရလာ

(၁၁၁၁) စစ်ဆင်ရေးတွင် ကရင်နီပြည်တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုရလာ

188
Photo: KNDF

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကရင်နီတော်လှန်ရေး အင်အား စုများ မှ(၁၁၁၁)စစ်ဆင်ရေး ဆင်နွှဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှင်းလင်းနိုင်ပြီး နယ်မြေစိုးမိုးမှု ပိုမိုရရှိလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဇန်နဝါရီလ ၂၈ရက် ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယမန်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ (၁၁၁၁)စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း(၂၀)ကျော်ကို သိမ်း ပိုက်နိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇ ) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNDF ၏ ပြန်ကြားရေး တာဝန်ခံက “ဒီတစ်ချို့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေ မရှိတော့တဲ့ နေရာ တွေရှိတယ်။ အခုမော်ချီးဒေသလိုမျိုး နေရာတွေမှာ စစ်ကောင်စီ ကင်းစင်သွားပြီး။ မယ်စဲ့လိုမြို့နယ် တွေမှာ စစ်ကောင်စီ ကင်းစင်သွားပြီး။ အဲ့လိုဆိုတော့ အဲ့ဒီအကြောင်းအရာတွေကို ပြည်သူတွေကို သိစေချင်တယ်။ နောက်တစ်ခုက ပြည်သူလူထုတွေက စစ်ရေးအခြေအနေအပေါ် သုံးသပ်ပြီး တော့ လုံခြုံရေးအသိတွေ သတိထားရမဲ့အချက်တွေကိုလည်း ကြိုတင်ပြင်ဆင်လို့ရအောင် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ဇန်နဝါရီလ တတိယအပတ်တွင်လည်း ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့် ဘောလခဲမြို့ကြားရှိ (၁၂)မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိရာ ရွာသစ်မြို့ကိုလည်း ကရင်နီတော်လှန်ရေး အင်အားစုများမှ ထပ်မံ ထိန်းချုပ်နိုင်ခဲ့သည်။

ထို့အပြင် ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီ တပ်စခန်းများ၊ စစ်ဆေး ရေးဂိတ်များနှင့် စခန်းကုန်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားခဲ့သောကြောင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မော်ချီး ဒေသတစ်ခုလုံးကို ထပ်မံထိန်းချုပ်နိုင်ခဲ့သည်။

Photo: KNDF

လွိုင်ကော်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယခုအချိန်ထိ တပ်စွဲထားနိုင်သော်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ထောက်ပို့လမ်းကြောင်း ပြတ် တောက်သွားပြီး လေကြောင်းကိုသာ အားကိုးအားထားပြုရသည့် အခြေအနေတွင်ရှိသည်ဟု KNDF က ဆိုသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွှဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်နေရာများကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များအနေဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ၎င်းတို့၏ တပ်ရင်းထဲတွင်သာ ခိုအောင်း တပ်စွဲနေရကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၃ခုနှစ်ကုန်မှစ၍ မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက် ထိန်း ချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည်ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေပြီး ရှမ်း-ကယား နယ်စပ် ဆီဆိုင်မြို့နယ်အထိ တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းလည်း KNDF က ထုတ်ပြန်ထားသည်။