Home သတင်း သထုံမြို့နယ်တွင် စစ်ကာင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးဒဏ်ရာရပြီး တစ်ဦးမှာ ခြေထောက်ဖြတ်လိုက်ရ

သထုံမြို့နယ်တွင် စစ်ကာင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးဒဏ်ရာရပြီး တစ်ဦးမှာ ခြေထောက်ဖြတ်လိုက်ရ

233

ဇန်နဝါရီလ ၂၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်က စစ်ကောင်စီတပ်စခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ်သား ပြည်သူ ၂ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ် အမှတ် (၉)ခြေမြန်တပ်ရင်း တပ်စခန်းမှ ထိုနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကော့လှိုင်းကျေးရွာနှင့် ကုလားကုန်းကျေးရွာအကြားသို့ လက်နက်ကြီး (၆)လုံး ပစ်ခတ်ခဲ့ခြင်းကြောင့် ကျိုက်ကော်မှ စျေးဝယ်ပြန်လာသည့် အသက် ၅၇ နှစ်အရွယ် စောသန်းမြင့်၏ ညာဘက်ခြေထောက်နှင့် အသက် ၅၅ နှစ်အရွယ် နောကူးကူး၏ ညာဘက်ပေါင် ဒဏ်ရာရရှိခဲ ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူတို့ နှစ်ယောက်က လင်မယားတွေဖြစ်တယ်။ ကျိုက်ကော်စျေးကနေ စျေးဝယ်ပြီး ရွာကို ပြန်လာ တဲ့လမ်း ကော့လှိုင်းရွာလေးနဲ့ ကုလားကုန်းရွာအကြားအရောက်မှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက် ကြီး သူတို့ဘေးနားကျပေါက်ပြီး ထိမှန်သွားတာ”ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သား ၂ ဦးမှ ၁ ဦးမှာ ခြေထောက်ဖြတ်လိုက်ရကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီတပ်စခန်းများမှ ကေအဲန်ယူ သထုံခရိုင်၊ သထုံမြို့နယ် အုပ်ချုပ်မှုနယ်မြေရှိ အရပ်သားပြည်သူများ နေရာသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှု များကြောင့် ကျုံမိန်နှင့် ကော့လှိုင်းရွာလေးကုန်း ကျေးရွာများရှိ အိမ်ခြေ (၈၂)အိမ်မှ လူဦးရေ စုစုပေါင်း (၃၈၂)ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ၏ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။