Home သတင်း ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း စေတီတစ်ဆူနှင့် နေအိမ် ၆ လုံး ထပ်မံပျက်စီးခဲ့

ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း စေတီတစ်ဆူနှင့် နေအိမ် ၆ လုံး ထပ်မံပျက်စီးခဲ့

713

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန် ကျေးရွာအနီးတွင် တစ်လကျော်ကြာဖြစ်ပွားလျက်ရှိသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်များ၏ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စေတီ တစ်ဆူ၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ဒေသခံနေအိမ်(၆)လုံး ထပ်မံထိခိုက်ပျက်စီးခဲ့ရ‌ကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း-(ခမရ ၄၁၀) နှင့် နယ်ခြားစောင့်တပ် အင်အား(၆၀)ခန့် တပ်စွဲနေထိုင်သော ဝင်းတာပန်စခန်းကို သိမ်းပိုက်နိုင်ရန် KNDO ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်မှ လက်ရှိအချိန်ထိ ကြိုးပမ်းနေသလို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တုန့်ပြန်ပစ်ခတ်မှုကြောင့် ဝင်းတာပန်ရွာကြီးရှိ အရပ်သားနေအိမ်(၂)လုံး ဒီဇင် ဘာလ(၂၃)ရက်နေ့တွင် ထိခိုက်ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် ဒီဇင်ဘာလ(၂၆)ရက်၊ (၃၁)ရက်နှင့် ဇန်နဝါရီလ(၁၅)ရက်နေ့တို့တွင် စစ်ကောင်စီက ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ဝင်းတာပန်ရွာသို့ ပစ်ခတ်ခဲ့သဖြင့် နေအိမ်(၆)လုံးအပြင် သာလည်ထ စေတီတော်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံထောင်ချီသော ဒေသခံ အရပ်သားများ တိမ်းရှောင် နေရပြီး KNDO ပူးပေါင်းတပ်က ရွာအတွင်းမှနေ၍ ဝင်းတာပန်စခန်းကို ဝိုင်းထားသည့် အနေအထားဖြစ် သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောပြသည်။

“လူအထိအခိုက်တော့မကြားမိဘူး။ ရှောင်စရာကတော့ လေးကေတို့ မြစ်ကျိုးရွာတို့ဘက်ကို ရှောင်ကြ တယ်။ တချို့ကျတော့လည်း မရှောင်ဘူး ရွာထဲမှာနေတယ်။ စခန်းက အခုထိ သိမ်းလို့မရသေးဘူး။ သူများ တက်လိုက် လေယာဥ်ပျံလာကြဲလိုက်ပဲ။ စခန်းက ဝင်းတာပန်ရွာအပြင် ကွင်းပြောင် ပြောင်မှာ ဆိုတော့ စစ်တပ်ကလည်း စခန်းထဲကလည်း အပြင်မထွက်ရဲဘူးဖြစ်နေတယ်။ ကေအဲန်ယူက ဝိုင်းထားပြီး အစာရေဆာ ဖြတ်တဲ့သဘော၊ ဖြတ်ပေမယ့်လည်း မပြတ်ဘူး။ သူတို့လေယာဥ်နဲ့ ရိက္ခာလာချတယ်” ဟု ၎င်းက လက်ရှိအခြေအနေကို ပြောပြသည်။

ထို့အတူ စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဝင်းတာပန်စခန်းအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆေးဝါးများ ပို့ဆောင်ပေးခဲ့သော်လည်း KNDO ပူးပေါင်းတပ်ဖွဲ့က ၎င်းတို့ရိက္ခာအထုပ် (၁၂)ထုပ်အနက် (၅)ထုပ် ရယူနိုင်ခဲ့ကြောင်းလည်း အဆိုပါ KNU ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေများကိုမူ KNU အပါအဝင် ပူးပေါင်းတပ်ဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ဝင်းတာပန်စခန်းအား သိမ်းပိုက်ရရှိပါက လက်နက်ကြီးများဖြင့် ဒေသခံနေထိုင်ရာကျေးရွာများသို့ အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီ၏ ပိန္နဲတောကျေးရွာအခြေစိုက် တပ်စခန်းအား ချည်းကပ်နိုင်မည်ဖြစ်ကြောင်း ကေအဲန်ယူနှင့်နီးစပ်သူ ဒေသခံအချို့က သုံးသပ်ပြောဆိုကြသည်။