ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ တောင်ငူမြို့ ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ(၁၆)ရက်နေ့က စစ်တပ်ထောက်ခံသူများ ဦးစီးပြုလုပ်သော ကန့်ကွက် ရှုတ်ချပွဲအတွင်း ကျောင်းသားလူငယ်များအား စည်းရုံးပါဝင်စေကြောင်း နီးစပ်သည့် သတင်းအရင်းအမြစ်များမှ သိရသည်။
ရဟန်းသံဃာများ၊ သီလရှင်များအပါအဝင် လူပေါင်း(၁,၀၀၀)ကျော်ခန့်သည် ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကေတုမတီမုခ်ဦးရှေ့မှစ၍ ရန်ကုန်-မန္တလေး လမ်းမကြီးအတိုင်းလှည့်လည်ပြီး စေတီပုထိုးနှင့်ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာများ အလိုမရှိ၊ ဘာသာအကျိုးဒို့သယ်ပိုး အစရှိသည်တို့ကို ကြွေးကြော်ခဲ့ကာ အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုရှုတ်ချပွဲအတွင်း တောင်ငူမြို့ လောကုတ္တရာရပ်ကွက်ရှိ ကျောင်းသားလူငယ်များအား စည်းရုံး ပါဝင်စေသည့်အတွက် အုပ်ထိန်းသူမိဘများအနေဖြင့် ၎င်းတို့သားသမီးများအတွက် စိုးရိမ်ပူပန်ခဲ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့စွန် လောကုတ္တရာရပ်ကွက်ဘက်က အတန်းကြီးကျောင်းသား တော်တော်များများကို ခေါ်ပြီး သွားခိုင်းတယ်။ သူတို့ခေါ်ရတာလွယ်တာ ကျောင်းသားပဲရှိတယ်လေ။ ဆရာမတွေက ကြိုပြော ထားတာလားတော့မသိဘူး။ မိဘတွေဆို စိတ်တွေပူလို့” ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် မြို့အတွင်း ရပ်ကွက်များရှိ လူငယ်များကိုလည်း ကန့်ကွက်ရှုတ်ချပွဲအတွင်း ပါဝင်စေရန် လိုက်လံ စည်းရုံးရေးများ လုပ်ဆောင်ခဲ့ကြသေးကြောင်း မြို့နေဒေသခံများ၏ပြောပြချက်အရ သိရသည်။
နောက်ထပ် မြို့ခံတစ်ဦးကလည်း “ရပ်ကွက်တွေထဲက လူငယ်တွေကိုလိုက်စည်းရုံးတာ၊ တချို့က သိနေတော့မလိုက်ဘူး။ စေတီကိုတူနဲ့ထုတဲ့ကိစ္စကန့်ကွက်ဆန္ဒပြဖို့ ကျောင်းသားတွေရော ၊ လူငယ်တွေရော လိုက်ခေါ်နေကြတာ” ဟု ပြောသည်။
ကန့်ကွက်ရှုတ်ချပွဲများနှင့် မရှေးမနှောင်းမှာပင် စစ်ကောင်စီက ၎င်းလက်အောက်ခံ အုပ်ချုပ်ရေးမှူး များမှတဆင့် ပြည်သူ့စစ်သင်တန်းတက်ရန် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အတင်းအကြပ် လိုက်လံခေါ်ယူနေမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်တပ်၏ တပ်သားသစ် အဓမ္မစုဆောင်းမှုများနှင့် ဘာသာရေးမှိုင်းတိုက်သည့် ကန့်ကွက်ရှုတ်ချပွဲများ သည် နိုင်ငံရေးနှင့်စစ်ရေး အရေးနိမ့်မှုအရ လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုလုပ်ရပ်များအပေါ်တွင် ၎င်းတို့ကိုထောက်ခံသူ လူတစ်စုကိုသာ စည်းရုံး၍ ရနိုင်မည့်အကြောင်း တောင်ငူခရိုင်-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-၃၅၀၁ တပ်ရင်းတာဝန်ရှိသူက ဆိုသည်။
တပ်ရင်း(၃၅၀၁)၏ပြန်ကြားရေးတာဝန်ခံ ကိုနတ်မောက်က “ဘာသာရေးမှိုင်းတွေဆိုတာ သူတို့က နိုင်ငံရေးနဲ့စစ်ရေးမှာ အရေးနိမ့်နေလို့ တိုက်နေတာ။ ဘယ်လောက်မှိုင်းတိုက်တိုက် သူတို့အဖွဲ့ အစည်းတွေ၊ သူတို့ကိုထောက်ခံတဲ့လူတွေလောက်ကိုပဲ စည်းရုံးလို့ရမှာပါ။ သူတို့အဲ့လို ဘာသာရေးမှိုင်း တွေတိုက်ပြီး စည်းရုံးတာ ပြည်သူ့စစ်သင်တန်းတက်ဖို့ အတင်းဖိအားပေးတာတွေက ကျနော်တို့အတွက် အင်အားဖြစ်စေတယ်။ ကျနော်တို့မှာ ရိက္ခာနဲ့လက်နက်ခဲယမ်းမပြည့်စုံလို့သာ ပြည်သူဘက်ကနေ ဝင်လာတဲ့ရဲဘော်တွေကို ခဏထိန်းထားရတဲ့အခြေအနေဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ရှမ်းမြောက်ဒေသ စခန်းသိမ်းတိုက်ပွဲများအရှိန်ရနေစဥ် ပြီးခဲ့သည့် ဇန်နဝါရီလဒုတိယပတ်အတွင်းက ကိုးကန့်တပ်မတော်-MNDAA တပ်ဖွဲ့ဝင်တစ်ဦးမှ စေတီတစ်ဆူအား တူဖြင့်ထုရိုက်နေသည့် ရုပ်သံတစ်ခု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တိုင်းနှင့် ပြည်နယ်အနှံ့အပြားတွင် ထိုကဲ့သို့သောကန့်ကွက်ရှုတ်ချပွဲများ လက်ရှိအချိန်ထိ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီက အာဏာသိမ်းယူထားသည့်ကာလအတွင်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းနှင့်ပြည်နယ်အနှံ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုများအတွင်း ဘာသာရေး အဆောက်အအုံ (၁၉၀) ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထိုအထဲမှ (၁၅၈)မှု မှာ စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်သော အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာအရ သိရသည်။



















