Home သတင်း ရေးမြို့နယ် ကြိုးတံတားဂိတ်စခန်းကုန်း သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

ရေးမြို့နယ် ကြိုးတံတားဂိတ်စခန်းကုန်း သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

898
Photo: Crd.

ဇန်နဝါရီလ ၂၁ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကြိုးတံ တားဂိတ်စခန်းကို ဇန်နဝါရီလ ၂၀ ရက်၊ နံနက် ၇ နာရီခွဲအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့သည်ဟု ရေးပြောက်ကျား တပ်ဖွဲ့ -YGF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တစ်နာရီခန့်ကြာဖြစ်ပွားခဲ့သော ထို ဂိတ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံး ခဲ့သည့်အပြင် ထွက်ပြေးသွားသူများလည်းရှိသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ YGF ၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ စကစဘက်က ၁၀ ဦးသေတယ်။ စခန်းကိုတော့ ကျနော်တို့မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်။ ညတုန်းက အဲ့ဒီနားက တပ်တွေကနေ ဆက်တိုက်ပဲပစ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု YGF က ထုတ်ပြန်ထားသည်။

အဆိုပါ ကြိုးတံတားဂိတ်စခန်းကို ရေးပြောက်ကျားတပ် YGF ၊ ဒေါနစစ်‌‌‌‌ကြောင်းတပ်ခွဲ-၃ နှင့်အတူ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ABSDF တပ်ရင်း-၁၊ မွန်ပြည်တော်လှန် ရေးအဖွဲ့အစည်း (MSRO)၊ Ye Defence Force(YDF)၊ရေးသိမ်းငှက် စသည့်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Photo: Crd.

၎င်းဂိတ်စခန်းကုန်းသည် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၈၇)၊ ခြေလျင်တပ်ရင်း( ခလရ-၃၄၃) ၊ (ခမရ-၅၈၈)၊ (ခလရ-၁၀၆) တပ်ရင်းတို့ကြားတွင်တည်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်မှုများကြောင့် စခန်းကိုမီးရှို့ကာ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု YGF ၏ ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂိတ်စခန်းသိမ်းပိုက်ရာတွင် ၆၀ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ MA-1 ၁လက် ၊ M16 A1 – ၁လက်၊AK47-၁လက်၊ ၄၀ မမ ဗုံးသီး ၈လုံး၊ ပေါက်ကြိုး ၉ ခွေ၊ 5.56 ကျည်ဘောက် ၅ ခု၊ AK ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၆ခု၊ RPG ဗုံးသီး ၅လုံး၊ အီနာဂါ ၂ လုံး၊ မီးကျည် ၁ လုံး၊ မိုင်းပစ္စည်းများ၊ ၆၀မမ ဗုံးသီး ၇လုံး၊ လက်ပစ်ဗုံး ၁၂ လုံး၊ 380 ကျည် ၅ တောင့် ၊ ကပစကျည် ၉၇၂တောင့်၊ မှတ်ပုံတင် ၅ခု ၊ ဖုန်း ၁လုံး ၊ လက်နက်ငယ်ကျည်နှင့် မော်တော်ဆိုင်ကယ် နှစ်စီးသိမ်းပိုက်ရရှိခဲ့သည်ဟု YGF က ထုတ်ပြန်ထားသည်။