ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ယခုလို ပွင့်လင်းရာသီကာလတွင် ကရင်ပြည်နယ်၏မြို့တော် ဖားအံမြို့နှင့် အနီးနားဝန်းကျင်ရှိ လည်ပတ်စရာနေရာများနှင့် ဘုရားဖူးရာ နေရာများသို့ လာရောက်လည်ပတ်သူများလာသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုနှင့် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်တို့ကြောင့် ၃ နှစ်ကျော်ကြာ လာရောက် လည်ပတ်သူ နည်းပါးသည့် ဖားအံမြို့အနီးအနားဝန်းကျင် အပန်းဖြေစရာ နေရာများတွင် လက်ရှိ ပြည်နယ်တွင်း နေထိုင်သူများမကဘဲ အခြားအရပ်ဒေသမှ ဧည့်သည်များလည်း လာရောက်လည်ပတ်သူ ပိုများလာသည်ကို တွေ့ရှိရသည်ဟု ဗုဒ္ဓဂါယာ ဘုရားအနီးဝန်းကျင်တွင် စျေးရောင်းနေသူ ဒေသခံတစ်ဦးက ပြောသည်။
၎င်းဒေသခံက “အခု ခရီးသွားတွေ ပြီးခဲ့တဲ့နှစ်ထက်များတယ်။ အရင်နှစ်တွေက နိုင်ငံရေး အခြေအနေ ကြောင့် ဘုရားဖူးတွေ နည်းတယ်။ ဒီနှစ်က နည်းနည်းများလာပြီး။ ကရင်ပြည်နယ်ထဲကလည်း ပါတယ်။ တစ်ခြားပြည်နယ်ပြီးတော့ ရန်ကုန်တို့ လာကြတာလည်းများတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖားအံမြို့နှင့် အနီးအနားဝန်းကျင်အပန်းဖြေရာနေရာများတွင် လာရောက်လည်ပတ်သူ ယခင်ကထက် များလာသည့်အပြင် စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံ မြေလုပ်ငန်းများလည်း ရင်းနှီးမြှုပ်နှံသူ များလာသည်ဟုလည်း ဒေသခံများက ပြောသည်။
အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ အပန်းစရာနှင့် လည်ပတ်စရာနေရာများတွင်လည်း ဖားအံ ဒေသကဲ့သို့ပင် ခရီးသွားများ ပိုမိုစည်ကားလာလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“အခုဆို လှိုင်းဘွဲဘက်မှာ တိုက်ပွဲတွေဖြစ်တာမရှိတော့ ခရီးသွားတွေက ရှိပါတယ်။ ကျုံထော်ရေတံခွန်တို့ ၊ ကွီးကျယ်ရေတံခွန်တို့သွားလာနေကြတာပဲ။ ရေတံခွန်တွေမှာ ခရီးသွားတွေလာတာ အခုတော့ နည်း သေးတယ် တပေါင်း၊ တန်ခူးဆိုရင်တော့ နယ်မြေတည်ငြိမ်ရင်တော့ ပိုများလောက်မယ်”ဟု လှိုင်းဘွဲ ဒေသခံလူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်၊ ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များရှိ အပန်းဖြေရာနေရာများတွင် လာရောက် လည်ပတ် သူများလာသော်လည်း ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန်နှင့် မြဝတီမြို့နယ်ဘက်ရှိ နေရာအချို့တွင်မူ တိုက်ပွဲဖြစ်ပွားကာ ဒေသခံ ပြည်သူများ အိုးအိမ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ရလျက်ရှိသည်။
ကရင်ပြည်နယ်ထဲတွင် ပြည်တွင်းပြည်ပ ခရီးသွားများကောင်းမွန်သွားလာလည်ပတ်နိုင်ရန်အတွက် ခရီး သွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဦးစားပေးလုပ်ဆောင်နေပြီး ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှု ၁၀၀ ရာခိုင်နှုန်းကျော်ပြန်လည်တိုးတက်လာနေကြောင်း ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌက ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြောဆိုထားသည်။



















