Home သတင်း ကော့ကရိတ်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်သော်လည်း ဒေသထွက်ကုန်များရောင်းမရ၍ ဒေသခံများစားဝတ်နေရေး ပိုခက်ခဲလာ

ကော့ကရိတ်မြို့နယ်တွင် ကုန်စျေးနှုန်းမြင့်တက်သော်လည်း ဒေသထွက်ကုန်များရောင်းမရ၍ ဒေသခံများစားဝတ်နေရေး ပိုခက်ခဲလာ

752

ဇန်နဝါရီလ ၁၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်/တပ်မဟာ-၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်တွင် လတ်တလောတွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာသော်လည်း ဒေသထွက် ကုန်များမှာ ရောင်းချ၍မရသဖြင့် စားဝတ်နေရေးအတွက် ပိုမိုခက်ခဲကြပ်တည်းလာနေကြောင်းကော့ကရိတ်မြို့နယ်ဒေသခံများက ပြောသည်။

ကေအဲန်ယူ-တပ်မဟာ(၆)ထိန်းချုပ်ထားရာ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွား၍ ကူးသန်း ရောင်းဝယ်ရေးလမ်းကြောင်းများ ပြတ်တောက်ပြီး ဒေသထွက် သီးနှံများရောင်းချ၍မရသဖြင့် ယခုလို စားဝတ်နေရေးအကြပ်အတည်းနှင့် ပိုမိုရင်ဆိုင်လာရခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်း ဒေသခံများက ပြောပြောသည်။

ဒေသခံတစ်ဦးက “တိုက်ပွဲတွေဖြစ်၊ လမ်းလည်းပိတ်တော့ ဒေသထွက်သီးနှံတွေ ဝယ်ယူသူမရှိတော့ဘူး ။ ကွမ်းသီးဆို တစ်ပိဿာတစ်ထောင်(၁၀၀၀)ကျပ်နဲ့တောင် ဝယ်တဲ့သူမရှိဘူး။ ဝဥဆိုလည်း မိုးတွင်း တုန်း က ဝယ်ထားတဲ့သူတွေ ပြန်ရောင်းလို့ မရလို့ တခြားလမ်းကြောင်းရှာပြီးရတဲ့စျေးနဲ့ရောင်းရတယ်။ အခုလို ဒေသထွက်သီးနှံတွေစျေးမရတော့ စားဝတ်နေရေးအတွက်လည်း အခက်အခဲတော်တော်ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာသားများအချို့တွင် တိုက်ပွဲကြောင့် လုပ်ကိုင် စားသောက်၍မရတော့ဘဲ ကာလအတန်ကြာ တိမ်းရှောင်နေရပြီး ကုန်စျေးနှုန်းလည်းအဆမတန် မြင့်တက်လာသည့်အတွက် အခက်အခဲများစွာရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ရှောင်နေရသည့် ကော့ကရိတ်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“စစ်ရှောင်ရတာနှစ်နှစ်နီးပါးရှိနေပြီး အလုပ်အကိုင်လည်း ဘာမှလုပ်လို့မရဘူး။ တိုက်ပွဲကလည်း ပိုပိုပြီးဆိုးလာတယ်။ ကုန်စျေးနှုန်းတွေက အဆမတန်တက်နေတော့ စားဝတ်နေရေး တော်တော်လေးအခက်အခဲဖြစ်နေတယ်”ဟု ထိုစစ်ရှောင်က ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများသည် စိုက်ပျိုးရေးကိုသာ အဓိက အသက်မွေးဝမ်းကျောင်းပြု နေကြသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသထွက်သီးနှံများဖြစ်သည့် ကွမ်းသီး၊ ဝဥ၊ ရှောက်သီး၊ သံပရာသီး စသည့်သီးနှံများ၏ စျေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာပြီး လက်ရှိတွင် ဝယ်ယူသူများ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ထိုအပြင် ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး လက်ရှိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား မြို့တွင်း တိုက်ပွဲဖော်ဆောင်ခြင်းကြောင့် သောင်းနှင့်ချီသည့်ဒေသခံများမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရကာ စားနပ်ရိက္ခာများလည်းလိုအပ်လျက်ရှိကြောင်း သိရသည်။