ဇန်နဝါရီလ ၂၇ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
တိုင်းရင်းသားများလိုလား တောင်းတလျက်ရှိသည့် စစ်အာဏာရှင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဘဝတူညီနောင် မဟာမိတ်များနှင့်အတူ စစ်ကောင်စီအားတိုက်ခိုက်တော့ မည်ဖြစ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ထိုး ထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က ဇန်နဝါရီလ ၂၆ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ (PNLO/ PNLA) ထိန်းချုပ်နယ်မြေ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်အမြစ်မဲ့ ပြည်သူလူထုများ ထိခိုက်သေဆုံးမှုနှင့် ဘာသာရေးအအုံနှင့် ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီး မှုဖြစ်ပွားခဲ့ပြီးနောက် ယခုလို ကြေညာချက် ထုတ်ပြန်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွား ပြီးနောက်ပိုင်း နိုင်ငံအဝှမ်း အလွှာပေါင်းစုံ ပြည်သူတစ်ရပ်လုံးက လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကို စစ်တပ်ကလက်နက်အားကိုးဖြင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် ဆန္ဒပြပွဲတွင် ပါဝင်သော လူငယ်အများစု တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်စွဲကိုင်ပြီး စစ်မျက်နှာအသစ်များ ဖွင့်ခဲ့ကြသော်လည်း ၎င်းတို့ အနေဖြင့် ယခုတိုက်ပွဲ မဖြစ်ပွားခင်ကာလများအထိ NCA သဘောတူညီချက်အတိုင်း ရပ်တည်ပေးခဲ့ ကြောင်း PNLO က ပြောသည်။
PNLO အနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွင် ၈ နှစ်တိုင်တိုင် မျှော်လင့်ချက် ကြီးစွာဖြင့် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေး ရလဒ်များ ရရှိခဲ့ခြင်းမရှိသလို ယခုဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခသည် လူမျိုးရေးပဋိပက္ခမဟုတ်ဘဲ စစ်အာ ဏာရှင်ယန္တရားကို လည်ပတ်စေသူတစ်စုနှင့် အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာဖြစ်ကြောင်းလည်း PNLO က ထောက်ပြပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)ကြား လက်ရှိစစ်ရေးပဋိပက္ခအတွင်း ပအိုဝ်းအမျိုးသားချင်းချင်းအပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အောက်တွင်ရပ်တည် နေသည့် ပအိုဝ်းအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် အမျိုးသားလွတ်မြောက် ရေးလမ်းကြောင်းပေါ်သို့ ရပ်တည် ပေးရန်လည်း PNLO ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (Pa-Oh National Liberation Organization-PNLO) ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO)မှ ပအိုဝ်း၊ ရှမ်းမျိုးချစ် ခေါင်းဆောင် အချို့နှင့် အခြားတိုင်းရင်းသားများဖြင့် ၁၉၄၉ ခုနှစ်တွင် ပထမအကြိမ် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
PNLO သည် အစိုးရနှင့် ၂၀၁၂ သြဂုတ် ၂၅ ရက်တွင် ပြည်နယ်အဆင့်၊ ၂၀၁၃ မတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ပြီးနောက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)၌ ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့က ဟိုပုန်းမြို့နယ် စံဖူးကျေးရွာတွင် စစ်ကောင်စီတပ်က PNLA တပ်ဖွဲ့၏ ယာဉ်ကြောင်းကို ပိတ်ဆို့ဟန့်တားရာမှ ပစ်ခတ်မှု အစပြုခဲ့ပြီးနောက် ဆီဆိုင်မြို့တောင်ဘက်ရှိ PNLO ရုံးအခြေစိုက်ရာ နောင်ထော်ရွာကို ဇန်နဝါရီလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် ထောင်နှင့်ချီသော အရပ်သားပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသလို ခရစ်ယာန်ဘုရား ကျောင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိလူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။



















