ဇန်နဝါရီလ ၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် ဒီဇင်ဘာလ တစ်လအတွင်း တပ်စခန်းနှစ်ခု သိမ်းယူနိုင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ဇန်နဝါရီလ(၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တို့အကြား တိုက်ပွဲအကြိမ်ရေပေါင်း (၈၇)ကြိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးကာ (၅၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်စခန်း (၂)ခုပါ သိမ်းယူနိုင်ခဲ့ကြောင်း ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ တစ်လတာ တိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်များဘက်မှ (၆) ဦးကျဆုံးကာ (၄၉) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကေအဲန်ယူဘက်က ပြောသည်။
၎င်းအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံများနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီး(၄၂)လုံး ရမ်းသမ်းပစ်ခတ်ခဲ့သလို တစ်လ အတွင်းလေကြောင်း တိုက်ခိုက်မှု (၉)ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု KNU က ပြောသည်။
အဆိုပါ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားကျေးရွာနေအိမ်(၄)လုံး၊ ဘုရား ကျောင်း တစ်လုံး၊ ညဝတ်ပြုဆုတောင်းရာအဆောင်တစ်ဆောင်၊ စပါးကျီတစ်လုံး၊ ဆိုင်ကယ်တစ်စီးနှင့် စက်လှေ(၂)စီး ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















