Home သတင်း ကော့ကရိတ် စစ်ရှောင်များနေရာစုံပြန့်ကျဲပြီး စားသောက်စရာအခက်အခဲကြုံနေရ

ကော့ကရိတ် စစ်ရှောင်များနေရာစုံပြန့်ကျဲပြီး စားသောက်စရာအခက်အခဲကြုံနေရ

395
Photo: CJ

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၃၀ ခန့် မှ ဘေးလွတ်ရာနေရာဒေသအသီးသီးတွင် ပြန့်ကျဲရောက်ရှိသည့် စစ်ရှောင်ပြည်သူများမှာ စားသောက်စရာ အခက်အခဲကြုံနေကြရကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တစ်လ ကျော်အကြာ တိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ဘေးရှောင် နေရသူများထံ တစ်ပိုင်တစ်နိုင်အလှူရှင်များ၊ ကရင် အမျိုးသားအစည်းအရုံး -KNU စစ်ရှောင်ကူညီရေးအစီအစဉ်ဖြင့် ရိက္ခာဖြန့်ဝေလှူဒါန်းမှုများ ပြုလုပ်နေသော်လည်း တယ်လီဖုန်းဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ခံထားရသည့် ကျေးရွာဒေသများဘက်သို့ ရောက်ရှိရှောင် တိမ်းနေရသူများအား ဆက်သွယ်မရသည့်အခြေအနေကြောင့် စားသောက်စရာအခက်အခဲကြုံနေကြရကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောသည်။

ကော့ကရိတ် စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက “စစ်ရှောင်တွေက နေရာစုံရွာ အစုံမှာ ရောက်နေတာ၊ နဘူး ဘက်က KNU က လှူတော့ ရိက္ခာရကြတယ်။ ကျုံဒိုးဘက် ရှောင်သူတွေ တချို့ရွာတွေ မရကြဘူး။ ဖုန်းလိုင်း ပြတ်နေတော့ ဆက်သွယ်ပြီး ခေါ်ပေးလို့မရဘူး။ ကမ်းမရိုက်၊ ကမ်းနီ ဘက်တွေမှာ ရှောင်နေသူတွေ ခက်ခဲ နေတယ်။ ဖားအံ၊ သာမညဘက်ကတော့ ဖားအံက နာ/ကူ အသင်းတွေက ရိက္ခာဝေတော့ ရကြတယ်။ ကော့ကရိတ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက ကြားရွာတွေမှာ ရှောင်နေသူတွေ တစ်ရွာကို လူသုံးရာ နဲ့ ငါး ရာ အကြားရှိတယ်။ အဆက်အသွယ်မရ၊ သွားလာမရ ဆိုတော့ စားစရာ ခက်ခဲနေတယ် ”ဟု ပြောသည်။

လက်ရှိကော့ကရိတ် စစ်ဘေးရှောင်များအတွက် KNU ၏ ကရင်စစ်ဘေးရှောင် ကူညီရေးအဖွဲ့ဖြစ်သည့် ပြည်တွင်း ဌာနေမဲ့ ကရင်ဒုက္ခသသည်များဆိုင်ရာကော်မတီ-CIDKP နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင် လူငယ်အစည်းအရုံး- KYOတို့ ဦးဆောင်ပြီး တစ်ပိုင်တစ်နိုင် အလှူရှင်များ၊ ပြည်တွင်းပြည်ပစစ်ရှောင် အကူအညီ ပေးရေးအဖွဲ့များ နှင့် ချိတ်ဆက်ကာ ရိက္ခာပေးဝေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

Photo: CJ

ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၃၀ ခန့် မှ ဒေသခံ ၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးရှောင်နေထိုင်သူ မိသားစုများအနေဖြင့် တစ်စုတစ်စည်းထဲ နေထိုင်ရှောင်တိမ်းခြင်း မရှိသည့်အခြေအနေပေါ်တွင် ရိက္ခာဖြန့်ဝေသည့် စုရပ်များအား ဆက်သွယ်ကြစေလိုကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

“အခုစစ်ဘေးရှောင်နေရတာ နေရာစုံရောက်နေကြတယ်၊ မော်လမြိုင်၊ ဖားအံ၊ သာမည၊ ကျုံဒိုး၊ နဘူး၊ အိန္ဒု၊ ထို့ ကော်ကိုး၊ သူတို့အဆင်ပြေတဲ့နေရာတွေ ဆီရှောင်ကြတာဆိုတော့ တချို့က အမျိုးအဆွေ အိမ်တွေ၊ တချို့က ဘုန်းကြီး ကျောင်းတွေ၊ တချို့က အိမ်ငှား၊ ခြံငှားနေကြတာမျိုး၊ တချို့က လမ်းဘေးက ရာဘာခြံတွေထဲ ခြံရှင် ပြောပြီး ယာယီနေနေကြတာ၊ မြို့ထဲရွာထဲ ပြန်ဝင်လို့မရဘဲခက်‌ခဲနေကြတယ်”ဟု စစ်ဘေးရှောင်များကို ဖားအံမြို့ ဘက်က လာရောက်ကူညီသူတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့ တိုက်ပွဲအခြေအနေမှာ စစ်ကောင်စီနေရာများ နှင့် KNLA မဟာမိတ် ပူးပေါင်း PDF တပ်ဖွဲ့များ မြို့ တွင်းမြို့ပြင် နှစ်ဖက်ပစ်ခတ်မှု ဆက်ရှိနေသေးသလို တောင်ကြာအင်း၊ ကိုးတိုင်၊ ရေပူ၊ ကျုံဒိုး ကျေးနယ်ဘက်တွင်လည်း နှစ်ဖက်ပြောက်ကျား တိုက်ခိုက်မှု ဆက်ရှိနေသေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။