Home သတင်း ကော့ကရိတ်မြို့ စစ်ရှောင်အိမ် ၅၀ ကျော် ထပ်မံမီး‌လောင်ပျက်စီး၊ မီးလောင်ပျက်စီးသွားသော လူနေအိမ်ပေါင်း ၂၀၀ ခန့်ရှိပြီ

ကော့ကရိတ်မြို့ စစ်ရှောင်အိမ် ၅၀ ကျော် ထပ်မံမီး‌လောင်ပျက်စီး၊ မီးလောင်ပျက်စီးသွားသော လူနေအိမ်ပေါင်း ၂၀၀ ခန့်ရှိပြီ

767

ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အမှတ်(၅)ရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ် (၅၀)လုံးထက်မ နည်း ယနေ့ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ထပ်မံမီးလောင်ပျက်စီး‌သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့စစ်ရှောင်သူများက “အိမ်တွေ အလုံး(၅၀)ကျော်မီးလောင် သွားတယ်ကြားတယ်။ အဲ့ဘက်က PDF‌ တွေမရှိဘူး။ တစ်ချို့က စစ်‌ကောင်စီမီးရှို့ဖျက်ဆီးတယ်လို့ပြောတယ်။ အဲ့ အိမ်တွေကလည်းစိပ်ပြီး သစ်သားအိမ်တွေများ‌နေတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့တွင် ယမန်နေ့က တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင်ပြည် သူများ၏ နေအိမ်မီးလောင်ပျက်စီးမှုမှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခြင်းဖြစ် ကြောင်း ရှေ့တန်းရောက်တော်လှန်ရေးတပ်ဖွဲ့များကလည်း ပြောသည်။

“ဒီနေ့တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်တယ်။ အမှတ်(၅)ဘက်မှာ နေအိမ်တွေမီးလောင်တာရှိတယ်။ အဲ့တာက စစ်ကောင်စီတွေမီးရှို့ဖျက်ဆီးတာဖြစ်တယ်”ဟု တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

နေအိမ်မီးလောင်မှုဖြစ်ပွားသည့် ကော့ကရိတ်မြို့အမှတ်(၅)ရပ်ကွက်သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပ်ချထားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ နေအိမ်ရှိပစ္စည်းများဝင်ခိုးပြီး မီးရှိဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း “ အစ္စလာမ် ရပ်ကွက် ၂ မီးလောင်တာ။ စစ်တပ်က မီးသတ် ကို မီးထွက်မသတ် ခိုင်းဘူး။ စစ်တပ်က လူလွှတ် ရှို့ ခိုင်းတာလို့ ပြောတယ်”ဟု ပြောသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။

လက်ရှိကော့ကရိတ်မြိုတွင် တိုက်ပွဲများနေ့စဉ်လိုလိုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကျဲချခြင်းအပြင် မီးရှို့ဖျက်ဆီးခြင်းကြောင့် လူနေအိမ်ပေါင်း ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီဟု ဒေသခံများက ပြောသည်။