ပျော်ရွှင်မှုနောက်ကွယ်က စိတ်ကြွမူးယစ်ဆေး အန္တရာယ်ဆိုးများ
ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပြည်နယ်၊ တိုင်းဒေသတွေမှာ စိတ်ကိုပြောင်းလဲစေတတ်တဲ့ မူးယစ်ဆေးဝါးတွေကို အမျိုးအစားအလိုက်၊ တန်ဘိုးအလိုက် ဖြန့်ဖြူး သုံးစွဲ ရောင်းဝယ်ကြတာတွေဟာ နေရာအနှံ့အပြားမှာ ပိုလို့ တိုးပွားလာနေပါတယ်။ အချို့ရပ်ရွာတွေမှာဆို မိသားစုအတွင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေနဲ့ လူမှုအသိုင်းအဝိုင်းမှာ ရာဇဝတ်မှုတွေကို များစွာ ကျူးလွန်လာကြတဲ့အထိ ဖြစ်လာပါတယ်။
ဒါကြောင့် များပြားလှတဲ့ မူးယစ်ဆေးဝါးတွေနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေထဲကမှ WY နှင့် Ice ဆိုတဲ့ စိတ်ကြွမူးယစ်ဆေးတွေအကြောင်းကို ပြောချင်ပါတယ်။
WY နဲ့ Ice ကို ထုတ်လုပ်ဖို့အတွက် အခြေခံ ဓာတုပစ္စည်းဖြစ်တဲ့ Amphetamine အကြောင်းကို သိဖို့လိုပါ တယ်။ Amphetamine ဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာများကို မြန်စေတဲ့ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထား တဲ့ (သဘာဝ မဟုတ်သော) စိတ်ကြွဆေး ဖြစ်ပါတယ်။ ဆေးပညာလောကမှာ Narcolepsy (အအိပ်လွန် ရောဂါ) နဲ့ Attention Deficit Hyperactivity Disorder (ADHD) (အာရုံစိုက်ဖို့ ခက်ခဲတဲ့ ရောဂါတစ်မျိုး)ကို ကုသရာမှာ အသုံးပြုဖို့ ဆေးဝါးကုမ္ပဏီများက တရားဝင် ထုတ်လုပ်ကြပါတယ်။
ဆေးကုသမှုနေရာမှာ တရားဝင် သုံးစွဲသလို မူးယစ်ဆေးဝါးအဖြစ် အပြင်မှာ တရားမဝင် သုံးစွဲလာကြပါတယ်။ လူငယ်တွေ အသုံးများတာက ချိုမွှေးမွှေးအနံ့ရှိတဲ့ WY ဆေးပြားဟာ မက်သာအမ်ဖက်သမင်း (Methamphetamine) နဲ့ Caffine ဓါတုပစ္စည်းနှစ်ခု အဓိကပါဝင်တဲ့ တရားမဝင် စိတ်ကြွဆေးပြား ဖြစ်ပါ တယ်။
ဒီဆေးကို WY အပြင် / ရာမ / ယာဘ / မြင်းဆေး / ကြယ်သီး / အသီး လို့ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာ WY လို့ ခေါ်ကြပေမယ့် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာဆိုရင် ရှဘူး(Shabu)၊ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဂူတီ(Guti)၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှာဆိုရင် ချိုကလီး (Chocalee) စသဖြင့် နိုင်ငံအလိုက် အခေါ်အဝေါ် ကွဲကြပါတယ်။
Amphetamine ဟာ ဗဟိုအာရုံကြောအဖွဲ့အစည်း(Central Nervous System) ကို အားကောင်းကောင်းနဲ့ လှုံ့ဆော်ပြီး စိတ်ခံစားမှုကို မြှင့်တင်ပေးတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အစပိုင်းတုန်းက မတ်စောက်တဲ့ တောင်တွေကိုတက်ရတဲ့အခါ၊ အလုပ်ကြမ်းတွေ မနားတမ်းခိုင်းတဲ့အခါ အမောခံနိုင်အောင်ဆိုပြီး မြင်းတွေကို တိုက်ခဲ့တာပါ။ ဒါကြောင့် မြင်းဆေး(horse drug) လို့လည်း ခေါ်ကြပါသေးတယ်။
WY ဆေးပြားကို ဝါးစားခြင်း၊ သောက်ခြင်း၊ ခဲပြားတစ်ခုခုပေါ်မှာ ဆေးပြားကိုတင်၊ မီးခြစ်မီး အသေးစားနဲ့ အပူပေးပြီး ထွက်လာတဲ့အငွေ့ကို တိုက်ရိုက်ရှူတာ၊ ရေခံရှူတာမျိုးတွေလည်း လုပ်ကြပါတယ်။ WY ဆေးပြား ကို အမှုန့်ချေပြီး မိုးရေနဲ့ရောကာ အကြောထဲထိုးတာလည်း လုပ်ကြပါတယ်။ အကြောထဲ တိုက်ရိုက်ထိုးတာ က ဆေးရှိန်တက်တာ အရမ်းမြန်သလို အရမ်းလည်း အန္တရာယ်များပါတယ်။ အဓိက သွေးကြောမကြီးတွေထဲ မှာ ဆေးခဲပြီး ချက်ချင်းသေတတ်သလို မသန့်တဲ့အပ်ကို သုံးရာမှတဆင့် ဘီပိုး၊ စီပိုး၊ အိတ်အိုင်ဗွီ စတဲ့ ရောဂါ ပိုးတွေပါ ကူးစက်ခံရနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် စိတ်တိုစိတ်ဆတ်လာတာ၊ ဘာကိုကြောက်မှန်းမသိဘဲ စိုးရိမ်ထိတ်လန့်လာ တာ၊ လိင်စိတ်ပြောင်းလဲလာမှုတွေ ကြုံရမယ်။ ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုတွေကို တောင့်တလာလိမ့် မယ်။ သံသယစိတ်တွေများမယ်။ လူတိုင်းကို အရာရာကို မယုံသင်္ကာဖြစ်လာတာ၊ အစားအသောက်ပျက်တာ၊ အိပ်မပျော်တာ၊ နောက်ဆုံး စိတ်ဓါတ်ကျပြီး မိမိကိုယ်ကို သတ်သေတာတွေအထိ ဖြစ်တတ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင် ဆံပင်တွေကျွတ်တာ၊ ပိန်ချုံးလာတာ၊ အာခေါင်ခြောက်တာ၊ ခံတွင်းနံ့နံတာ၊ သွားတွေမှာကျောက်တည်ပြီး သွားတွေကြွေကျတာ ခံတွင်းနဲ့ အစာရေမျိုပြွန် ကင်ဆာဖြစ်တာ၊ အားမရှိတာ၊ ခေါင်းကိုက်တာ၊ ကျောက်ကပ်၊ အသည်းတွေ ထိခိုက်ပျက်စီးတာ၊ သွေးပေါင်ချိန်တိုးပြီး နှလုံးခုန်မြန်လာကာ သွေးကြောပေါက်ပြဲတာ၊ နှလုံးရပ်ပြီးသေဆုံးတာတွေအထိ ဖြစ်နိုင်ပါတယ်။
# ကုသခြင်း
ဆေးစွဲနေသူတယောက်အဖို့ ရုတ်တရက် ဆေးဖြတ်လိုက်တဲ့အခါ စိတ်ဓါတ်ကျခြင်း၊ ဘာမှလုပ်ချင်စိတ်မရှိ ခြင်း၊ စိုးရိမ်ကြောက်လန့်နေခြင်း၊ အစာစားချင်စိတ်များနေခြင်းနဲ့ အိပ်မရဖြစ်ခြင်း (သို့မဟုတ်) အလွန်အမင်း အိပ်ချင်နေခြင်းတို့ကို (၂၄)နာရီအတွင်း ကြုံတွေ့ရမှာပါ။
အာရုံကြောအဆိပ်သင့်ခြင်း (Neurotoxicity) ကိုတော့ ဆေးဖြတ်ပြီး အချိန်အတော်ကြာအထိ ခံစားနေရမှာ ပါ။ ၂၀၁၄ခုနှစ်၊ မေလအထိ တိုက်ရိုက်ကုသနိုင်တဲ့နည်းလမ်း မရှိသေးပေမယ့် ၂၀၁၆ အစောပိုင်းမှာတော့ စမ်းသပ်ကုသနိုင်တဲ့ ဆေးတစ်မျိုး ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲ မပေါများသေးသလို Cocaïne ဖြတ်တာနဲ့ဆင်တူတယ်လို့လည်း ပြောကြပါတယ်။ သုံးစွဲပြီးမှ ကုသတဲ့နည်းလမ်းတစ်ခုတည်းနဲ့ အဆင်မပြေတာကြောင့် ဆေးဖြတ်ပြီးနောက် အပြုအမူဆိုင်ရာ ကုထုံးတွေနဲ့ စိတ်ဖက်ဆိုင်ရာ ကုထုံးတွေကို တွဲဖက် ကုသပေးရပါတယ်။
ဆေးဖြတ်ပြီး ကြုံရတဲ့ဝေဒနာနဲ့ စိတ်ခံစားမှုများ လျော့ပါးစေဖို့ အပြေးလေ့ကျင့်ခြင်းကဲ့သို့ မိမိဝါသနာပါတဲ့ အားကစားပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲစေဖို့ ပြုလုပ်ခြင်းနဲ့ စိတ်တည်ငြိမ်ဖို့ ဘာသာရေး လိုက်စားခြင်းဖြင့် ဆေးစွဲခြင်းကို ကုသနိုင်ပါတယ်။ Amino acid ပါတဲ့အားဆေးတွေနဲ့ Vitamin-C ကို သောက်လို့ရပါတယ်။ စိတ်ကျန်းမာရေးဆေးရုံမှာ တက်ရောက်ကုသပြီး WY ဆေးကိုဖြတ်လို့ရသလို စိတ်ကို နိုင်နင်းရင် မိမိဖာသာလည်း ဖြတ်လို့ရပါတယ်။
# ICE
ICE ဆိုတာကတော့ Methamphetamine သီးသန့်ကိုသာ အခဲပုံစံကိုသာ ပြုလုပ်ထားပါ။ ICE က ဗဟိုအာရုံ ကြောစနစ်ကို ထိခိုက်စေတဲ့ စိတ်ကြွမူးယစ်ဆေးတစ်မျိုးဖြစ်ပါတယ်။ မူးယစ်ခံစားမှု တာရှည်စေတတ်ပြီး စွဲလမ်းစေနိုင်စွမ်းမြင့်မားတဲ့ တရားမဝင် မူးယစ်ဆေးပါ။ ပါတီတွေ၊ ပွဲတွေမှာ သုံးလေ့ရှိပြီး ပုံမှန်အားဖြင့် ဖန်ပြွန်ပိုက်နဲ့ ရှူတတ်ကြပေမယ့် မျိုချတာ၊ ရှိုက်ရှူတာ၊ နည်းအမျိုးမျိုးနဲ့ သုံးတတ်ကြပါတယ်။

ICE ကိုသုံးလိုက်ရင် ခဏတာအတွင်းမှာပဲ စိတ်ကူးယဉ် လောကနိဗ္ဗာန်ကို ခံစားရတယ်။ ဒါမှမဟုတ် ရောက်ရှိ တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အန္တရာယ်များလွန်းပြီး ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အပြင် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ *ဒီဆေးသုံးစွဲသူက မရှိတာတွေကို ကြားနေ၊ မြင်နေတာ မျိုး၊ သံသယလွန်ကဲနေတာမျိုး ဖြစ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို သို့မဟုတ် တခြားသူတွေကို ထိခိုက် အနာတရ ဖြစ်စေတာမျိုး လုပ်လာနိုင်ပါတယ်။ အရေပြားအောက်မှာ အင်းဆက်တွေ တရွရွနဲ့တက်လာသလို ခံစားရနိုင်ပါတယ်။ HIV/AIDS ရောဂါလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီမူးယစ်ဆေးက ဆင်ခြင်ဆုံးဖြတ်နိုင် စွမ်းကို ထိခိုက်စေပြီး အရှက်အကြောက်ကို နည်းစေနိုင်ပါတယ်။
ICE ကို စွဲလမ်းနေသူတစ်ယောက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလိုမျိုး ရောဂါကူးစက်မှုအန္တရာယ် များတဲ့ အပြုအမူတွေကို လုပ်မိနိုင်ပါတယ်။ ICE ကို နှာခေါင်းကရှိုက်ရှူခြင်းဟာ နှာခေါင်းလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေနိုင်ပါတယ်။
ICE ကို ကြာရှည်စွဲသုံးရင် အစာစားချင်စိတ် မရှိတာကြောင့် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း၊ အိပ်ပျော်နေစဉ် ဂနာမငြိမ်ခြင်း၊ အာခေါင်ခြောက်ခြင်းနဲ့ သွားပြဿနာများ၊ အအေးမိခြင်း၊ တုပ်ကွေး ပုံမှန် ဖြစ်ခြင်း၊ အာရုံစိုက်မရခြင်း၊ အသက်ရှူကြပ်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ စိတ်ပူပန်ခြင်း၊ သံသယ လွန်ခြင်းနဲ့ အကြမ်းဖက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ နှလုံးနဲ့ကျောက်ကပ်ပြဿနာများ လေဖြတ်နိုင်ခြေပိုများ ခြင်း၊ ICE ကို တောင့်တလွန်းခြင်း၊ ပိုသုံးချင်လာခြင်း၊ ငွေရေးကြေးရေး အလုပ်ခွင် သို့မဟုတ် လူမှုရေးပြဿ နာများ ရှိလာနိုင်ပါတယ်။
အချိန်အတော်ကြာ ICE သုံးစွဲထားပြီးမှ ဆေးဖြတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေက ICE မပါဘဲ ကျင့်သားရအောင် လည်ပတ်ရတာဖြစ်လို့ အတော့်ကို ခက်ခဲပါတယ်။ ဆေးဖြတ်ချိန်ဖြစ်တဲ့လက္ခဏာတွေက တစ်ပတ်ကျော်ရင် လျော့ပါးသက်သာလေ့ရှိပြီး အများစုက တစ်လကြာပြီးနောက် ပျောက်ကင်းသွားလေ့ ရှိပါ တယ်။ ဆေးဖြတ်နေတဲ့အချိန်မှာ ICE ကို အငမ်းမရ တောင့်တနေမယ်။ အစာစားချင်စိတ် ပိုများလာမယ်။ အာရုံထွေပြားခြင်းနဲ့ ရန်လိုစိတ်ဆတ်တာတွေဖြစ်လာမယ်။ နာကျင်ကိုက်ခဲမှုတွေ ရှိလာမယ်။ အားအင်ကုန် ခမ်းပြီး ပင်ပန်းနွမ်းနယ်လာမယ်။
ညဘက်အိပ်ရင် ခြေလက်ဂနာမငြိမ်ဖြစ်မယ်။ အိပ်မက်ဆိုးတွေ ဖြစ်လာမယ်။ စိတ်ကျဝေဒနာ၊ သံသယလွန် တာတွေ၊ စိုးရိမ်ပူပန်နေတာတွေ ဖြစ်လာတတ်ပါတယ်။ ဆေးဖြတ်ခြင်းက အများအားဖြင့် ရက်ပိုင်းကနေ ရက်သတ္တပတ် အနည်းငယ်အထိ ကြာမြင့်တတ်ပေမယ့် ICE ကို ငတ်မွတ်တောင့်တသလိုမျိုး လက္ခဏာတချို့ က အတော်ကြာတဲ့အထိ ဆက်ဖြစ်နေနိုင်ပါတယ်။ သုံးစွဲခဲ့တဲ့ မူးယစ်ဆေး အမျိုးအစား၊ သုံးစွဲလာခဲ့တဲ့ အချိန် ကာလနဲ့ တခြားမူးယစ်ဆေးတွေကိုပါ သုံးနေသလား၊ သုံးစွဲသူရဲ့ အထွေထွေကျန်းမာရေးနဲ့ ဆေးဖြတ်တဲ့ နေရာတို့ကို မူတည်ပြီး ဆေးဖြတ်ချိန်ကာလက ကွာခြားမှုရှိနိုင်ပါတယ်။
ဒါကြောင့် လူမှုအသိုင်းအဝိုင်းထဲမှာ ပြန့်ပွားနေတဲ့ စိတ်ကြွမူးယစ်ဆေးဝါးများဟာ ရေတို ကောင်းကျိုးရှိသလို နဲ့ ရေရှည်အတွက် ဆိုးကျိုးကိုသာ ပေးစွမ်းမှုများပါတယ်။ ဒီအတွက် စိတ်အလိုမလိုက်မိဖို့၊ လူကို ကောင်းကျိုး မပေးတဲ့ စိတ်ကြွမူးယစ်ဆေးတွေကို လုံး၀ မစမ်းသပ်ဖို့နဲ့ သုံးစွဲနေတယ်ဆိုရင်လည်း အမြန်ဆုံးဖြတ်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။



















