Home သတင်း KNLA ပူးပေါင်းမဟာမိတ် PDF စစ်ကြောင်းများ ကော့ကရိတ်ကိုးတိုင်လမ်းဆုံအထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

KNLA ပူးပေါင်းမဟာမိတ် PDF စစ်ကြောင်းများ ကော့ကရိတ်ကိုးတိုင်လမ်းဆုံအထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ

955
Photo: CJ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးနယ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသော စာသင် ကျောင်း နှင့် ရဲစခန်းနေရာများအား ဒီဇင်ဘာလ ၂၈ ရက်နေ့က အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး နောက် တောင်ကြာအင်းနှင့် ကော့ကရိတ်ကိုးတိုင်လမ်းဆုံလမ်းမကြီးအထိ တော်လှန်ရေးပူးပေါင်းဖွဲ့များ နယ်မြေ ရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

“ဒီနေ့ကတော့ ကိုးတိုင်လမ်းဆုံအထိ စိုးမိုးထားနိုင်ပြီ။ ဒီမနက်တော့ နဘူးကိုးတိုင်လမ်း ပိုင်း ကရင် ကွဲတောင် စစ်တပ်ကုန်းဘက်မှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ မနေ့ကတော့ ရဲ ၁၀ ယောက် လက်နက် ချတယ်။ ကျန်တဲ့စစ်သားတွေ အရှင်မိတာနဲ့ထွက်ပြေးနေတာတွေ လိုက်ရှင်းနေတုန်းပဲလို့ သိရတယ်။ သိမ်းလို့ရတဲ့ လက်နက်တွေ စာရင်းလုပ်နေတုန်းပဲ။ သက်ဆိုင်ရာ စစ်ကြောင်းတွေက သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဗဟို၏ ယမန်နေ့ ထုတ်ပြန်ချက်အရ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ လာ့တကော( တောင်ကြာအင်း) ရဲစခန်းနှင့် တပ်စခန်းအား ဒီဇင်ဘာလ ၂၈ရက်နေ့တွင် (KNLA) နှင့် ကရင် အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) ဦးစီးသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိပြီး လက်နက် ၂၅ လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

လတ်တလောတွင် ကော့ကရိတ်မြို့အတွင်း နှစ်ဘက်တိုက်ပွဲဆက်လက်ပစ်ခတ်မှုရှိနေသေးပြီး စစ်ကောင်စီတပ်ဘက်က နေ့ရောညပါ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ဆက်လုပ်ဆောင် နေကြောင်း ထီဖိုးစံကျေးရွာဘက်သို့ စစ်ဘေးရှောင်နေရသူ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

Photo: CJ

ထိုကော့ကရိတ်မြို့ခံက “မြို့တွင်းမှာ ကိုယ်အိမ်ဘာဖြစ်နေပြီလဲ ပြန်ကြည့်လို့ မရဘူး။ ပစ်တာတွေ ရှိနေတယ်။ တော်တော်များများတော့ မီးလောင်တာနဲ့ အိမ်ပျက်တာတွေများနေပြီ၊ အိမ်တွေ ဝင်ခိုးခံရတာကတော့ အိမ်တိုင်းနီးပါးပါပဲ။ အဖွဲ့တွေက စစ်တပ်ရော၊ PDF ရောပတ် သွားနေကြတာဆိုတော့ မြို့ကိုပြန်နေဖို့ မလွယ်လောက်သေးဘူး” ဟု ပြောသည်။

လက်ရှိတွင် ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းမဟာမိတ် PDF စစ်ကြောင်း များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသလို ကြာအင်းဆိပ်ကြီး၊ ကျိုက်မရောချောင်းနှစ်ခွ ကျေးရွာဘက်တွင် လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောသည်။

တိုက်ပွဲကြောင့် တစ်လနီးပါး လမ်းပန်းဆက်သွယ်ရေးပြန်တောက်နေသည့် မြဝတီ၊ ကော့ကရိတ် အာရှလမ်းမတွင် သွားလာ၍ မရတော့သည့်အတွက် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အဖြစ်ထို့ကော်ကိုး နဘူးလမ်းပိုင်းမှ ၆ ဘီးကုန်ကားဖြင့်သာ တစ်ဆင့်ခံသယ်ယူကုန်စည်စီးဆင်း နေရကြောင်း သိရသည်။