ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လောင်းကစားလုပ်ငန်းနှင့် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen အဖွဲ့တို့ ဒီဇင်ဘာလ ၂၇ရက် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေအပြင် နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်းနှိမ်နှင်းရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ပူးပေါင်းလုပ်ဆောင်ရာတွင် အထူးသဖြင့် မြဝတီမြို့အနီးရှိ လောင်းကစားလုပ်ငန်းနှင့် ငွေကြေးလိမ်လည်မှုဖြစ်သည့် (ကျားဖြန့်)လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားမည်သလို နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့စေရေးအတွက်လည်း နှစ်နိုင်ငံပူးပေါင်းမည့် အခြေအနေများလည်း ဆွေးနွေးခဲ့ကြကြောင်းလည်း စစ်ကောင်စီ ထိန်းချုပ် ထားသည့် နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ထိုင်းနှင့် မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် မြဝတီ-ကော့ကရိတ်မြို့ကြားရှိ အာရှလမ်းမပေါ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်အတွက် ကုန်သွယ်ရေးလမ်းကြောင်းမှာ ရပ်ဆိုင်းထားရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လောင်းကစားလုပ်ငန်းသည် စစ်ကောင်စီထိန်းချုပ်ထားသည့် မြဝတီမြို့ အနီးဝန်းကျင်အပါအဝင် မြဝတီမြို့မြောက်ဘက် ၁၀ မိုင်အကွာအဝေးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်စောချစ်သူ ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ်မြို့တွင်လည်း ဒုစရိုက်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသားများမှ လောင်းကစားလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် လုပ်ကိုင်နေသည့် လောင်းကစားနှင့် အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းအပြင် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာရှိ KK Park မြို့သစ်စီမံကိန်းဟု လူသိများသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွင်လည်း တရုတ်နိုင်ငံသားများ ဦးစီးလုပ်ကိုင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ထို့အတူ မြဝတီမြို့တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက်ကျေး ရွာဘက်တွင်လည်း အွန်လိုင်းလောင်းကစားလုပ်ငန်းများ တွင်ကျယ်စွာ လည်ပတ်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။



















