Home သတင်း ထားဝယ်အကျဉ်းထောင်အတွင်း ထောင်ဝင်စာပို့ခွင့် ပိုမိုတင်းကြပ်လာ

ထားဝယ်အကျဉ်းထောင်အတွင်း ထောင်ဝင်စာပို့ခွင့် ပိုမိုတင်းကြပ်လာ

789
Photo: CJ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်အကျဉ်းထောင်တွင် ထောင်ဝင်စာပို့ခွင့် ကန့်သတ်ချက်ကို ယခင်ကထက် ပိုမိုတင်းကြပ်လာကြောင်း နိုင်ငံရေးအကျဉ်းသားနှင့် နီးစပ်သည့် မိသားစုဝင်များက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ အကျဉ်းထောင်တွင် ယခုဒီဇင်ဘာလ ပထမအပတ်မှစတင်ပြီး ထောင်ဝင်စာပို့ခွင့်ကို စစ်ကောင်စီမှ ယခင်ကထက် တင်းကြပ်လိုက်သောကြောင့် ဆေးဝါးနှင့် ပစ္စည်းအချို့ပို့ဆောင်ခွင့် မရရှိတော့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးကပြောသည်။

၎င်းက “အခုဒီလထဲမှာပဲ ဘာဆေးမှ ထောင်ထဲကို ပို့လို့မရတော့ဘူး။ ခက်လာတာပေါ့။ အကျဉ်း ထောင်ထဲမှာပါ စစ်တပ်က ဝင်အုပ်ချုပ်နေတော့ အခြေအနေက ပိုဆိုးလာတယ်။ ထောင်ဝင်စာတွေ့ရုံ လောက်ပဲ ရတော့တယ်။ အရင်ကဆို ထောင်ဝန်ထမ်းကို ပိုက်ဆံပေးရင် ပစ္စည်းပို့ ရသေးတယ်။ အဲ့လိုကျ တော့ ဆေးအမြဲသောက်နေရတဲ့ သူတွေအတွက် ပိုခက်ခဲတယ်။ ထောင်ထဲမှာကလည်း တချို့ ဆေးဝါးတွေက မရနိုင်ဘူးလေ။”ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ထားဝယ်မြို့နယ်အတွင်း ယခုလို ပွင့်လင်းရာသီတွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ထောင်ဝင်စာ သွားရောက် တွေ့ဆုံရသည့် နေရာတွင်လည်း မြို့တွင်း အစစ်အဆေးများ ယခင်ကထက် တင်းကြပ်လာကြောင်းလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

“ထောင်ဝင်စာသွားတွေ့တဲ့နေရာမှာ ရပ်ကွက် ထောက်ခံစာတွေ လုပ်ရတယ်။ ပြီးရင်ပိုက်ဆံပေးရတယ်။ တစ်ခါလုပ်ရင်တစ်သောင်းပဲ။ အကယ်၍ သွားမတွေ့ရင်လည်း သူတို့က နိုင်ငံရေးအကျဉ်းသာတွေကို ထောင်ပြောင်းလိုက်မှာလည်း ကြောက်ရတယ်။ အဲ့တော့ ခဏခဏသွားတွေ့ ပေးနေရတယ်။ တကယ်ကို ခက်ခဲလာတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ပြုစုထားသည့် စာရင်းများအရ ၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်များတွင် ဆေးဝါးကုသခွင့် လုံလောက်စွာမရရှိသည့်အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၆ ဦးထိ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း (AAPP)၏ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့ အထိစာရင်းများအရ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖမ်းဆီးခံခဲ့ရသူ နှစ်သောင်းခွဲ ကျော်(၂၅,၆၁၈)ရှိနေပြီး ၎င်းအထဲမှ (၁၉,၈၂၀) ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။