Home သတင်း ကော်သူး‌လေအာမီ (KTLA)မှ KNLA နှင့် လာရောက်ပူးပေါင်းသည့် စစ်ကြောင်းနှစ်ကြောင်းရှိလာ

ကော်သူး‌လေအာမီ (KTLA)မှ KNLA နှင့် လာရောက်ပူးပေါင်းသည့် စစ်ကြောင်းနှစ်ကြောင်းရှိလာ

1429
Photo: Saw Win Myint -FB & Lion Battalion

ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စောနယ်ဒါးဘိုမြဦးဆောင်သော ကော်သူးလေအာမီ(KTLA) မှ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် လာရောက်ပူးပေါင်းသည့် စစ်ကြောင်းနှစ်ကြောင်းအထိ ရှိလာပြီဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဧပြီလ (၆)ရက်နေ့က KTLA ကွပ်ကဲမှုအောက်ရှိ ဗိုလ်စောဝင်းမြင့် ဦးဆောင်သော Venom စစ်ကြောင်းတစ်ကြောင်းသည် KNLA တပ်မဟာ(၆) ထံသို့ ‌‌ပူးပေါင်းခဲ့သလို နိုဝင်ဘာလ (၆)ရက်နေ့မှစ၍ ဗိုလ်အယ်စေးဝါးခေါင်းဆောင်သော Lion Battalion Commando စစ်ကြောင်းသည်လည်း KNLA တပ်မဟာ(၆)နှင့် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း ၎င်းအဖွဲ့များက ထုတ်ပြန်ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိတွင် KNLA တပ်မဟာ(၆) လက်အောက်မှ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော ခေါင်းဆောင်သော ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်း(၂)တွင် ဗိုလ်စောဝင်းမြင့် ဦးဆောင်မှုဖြင့် ပူးတွဲတိုက်ပွဲဝင်နေသော Venom စစ်ကြောင်းအပါအဝင် Lion Battalion Commando စစ်ကြောင်းသည် KTLA မှ KNLA သို့ ပူးပေါင်းလာသည့် ဒုတိယမြောက် စစ်ကြောင်း ဖြစ်လာခြင်းဖြစ်သည်။

အထက်ပါ ကိစ္စရပ်နှင့်ပတ်သက်၍ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက “ကျနော်ကတော့ဗျာ စစ်အာ ဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ကျနော်တို့ အဖွဲ့တွေက တစ်သီးတခြားတိုက်နေတာထက် KNLA နဲ့ အတူတူ လက်တွဲပြီးတိုက်တာ ပိုအကျိုးရှိတယ်လို့ မြင်တယ်လေ။ အဲဒီတော့ Lion Battalion စစ်ကြောင်းအနေနဲ့ ပြန်လက်တွဲလာတယ် တစ်ဖွဲ့တည်းအနေနဲ့ပြန်ပြီးတော့ လှုပ်ရှားသွားကြမယ်ဆိုတဲ့အချက်ကတော့ ပိုပြီး ဂုဏ်ယူစရာကောင်းတယ်။ ဝမ်းလည်းဝမ်းသာတယ် ကြိုလည်းကြိုဆိုတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

Lion Battalion Commando စစ်ကြောင်းအနေဖြင့်လည်း KNLA ၏ စည်းမျဉ်းစည်းကမ်းများနှင့်လျော်ညီစွာ အာဏာရှင်စနစ်ကျရှုံးရေးတွင် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ဗိုလ်အယ်စေးဝါး လက်မှတ်ပါ ၎င်းစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ပဒိုစောတောနီးက ဆက်လက်၍ “KNLA ရဲ့ COC အောက်မှာ ရှိနေပြီဆိုရင်တော့ ဆက်သွားဖို့က သူ့ရဲ့ အမိန့် စီးဆင်းမှုအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျနော်တို့တပ်တွေက စည်းကမ်းမှာ စံနမူနာဖြစ်တဲ့ စစ်တပ် တစ်ခုဖြစ်ဖို့လိုတာနဲ့အညီ COC ‌တွေနဲ့ပတ်သက်ပြီး လူထုအပေါ်ဘယ်လိုနားလည်ရမလဲ ၊ အကာအကွယ်ပေးရ မလဲဆိုတာတွေက ထပ်ကြပ်မကွာလိုက်ပါလာတာဖြစ်တယ်။ စစ်တိုက် တာချည်းတစ်ခုတည်းမဟုတ်ဘဲ ပြည်သူအကာကွယ်ပေးရေးမှာ Geneva Convention မှာပါတဲ့အချက်တွေကို ဒီထက်ပို‌သင်ကြားသွားဖို့ ထိတွေ့မှုပိုများလာဖို့ မျှော်လင့်ရတယ်။” ဟု ပြောသည်။

ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်း KNLA နှင့် ပူးပေါင်းသွား သည့်ကိစ္စအပေါ် ဒီဇင်ဘာလ ၂၅ရက်၊ ယမန်နေ့တွင် ထုတ်ပြန်သော KTLA ဗဟို၏ ထုတ်ပြန်ချက်တွင် စောအယ် စေးဝါးနှင့် စောဖားသောခါး(တပ်ဖွဲ့ဝင်)တို့သည် အခြားသော အဖွဲ့အစည်းတစ်ခုကို ရွေးချယ်လိုက်ပြီဖြစ် သည့်အတွက် (၂၅.၁၂.၂၀၂၃)ရက်နေ့မှစတင်၍ ၎င်းတို့နှစ်ဦးသည် KTLA တပ်ဖွဲ့ဝင်များ မဟုတ်တော့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးဘိုမြကလည်း ဗိုလ်အယ်စေးဝါးတို့အဖွဲ့ KNLA နှင့် ပူးပေါင်း သွားသည့်ကိစ္စသည် ယခင်ကတည်းက ကြိုသိထားခဲ့ပြီဖြစ်သော်လည်း စစ်အာဏာရှင် ပြုတ်ကျရေးကို တိုက်ခိုက်သူများဖြစ်သည့်အတွက် ၎င်းတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း KKLE News YouTube ချန်နယ်သို့ ယမန်နေ့တွင် ကရင်ဘာသာဖြင့် ပြောဆိုထားသည်။

Photo: Saw Win Myint -FB & Lion Battalion

၎င်းက “ကျနော်တို့ (KTLA ကို) ဖွဲ့စည်းတာ တစ်နှစ်ကျော်ကျော်ပဲရှိပါသေးတယ်။ အကူအညီတွေအားလုံးက ပြည်သူကပဲ ထောက်ပံ့တာဖြစ်ပါတယ်။ အများကြီးမဟုတ်ပေမယ့် နိုင်ငံရေးပဲဖြစ်ဖြစ်၊ စစ်ရေးပဲဖြစ်ဖြစ် မှန်ကန်တဲ့အတွက် ကျနော်တို့ ရပ်တည်လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ဖော်ကိုင်ဖက်အချို့က မရဲရင့်တဲ့ မခိုင်မာတဲ့စိတ်ဓာတ်တွေကို တွေ့ရတယ်။ ကျနော်ပြောချင်တာက ဟိုဖက်ကို သွားတယ်ဆိုရင် သွားပါ။ တားဖို့မရှိပါဘူး။ စစ်အာဏာရှင် ပြိုလဲဖို့ တိုက်ခိုက်တာဖြစ်တဲ့အတွက် ကျနော်တို့ ဘာမှမပြောလိုဘူး။ ကျနော်တို့ KTLA အနေနဲ့ ဘယ်နေရာကိုပဲ သွားသွား၊ တချိန်က ခင်ဗျားတို့ရဲ့ မိဘဖြစ်တဲ့အတွက် ပျံသန်းသွားတဲ့ ငှက်က သစ်ကိုင်းကို ခြေစောင့်မကန်ဖို့ လိုပါတယ်။ ကျေးဇူးတရားဆိုတာ သိဖို့လိုတယ်။ သိပြီးတော့ မှတ်သားထားဖို့ လိုပါတယ်။ ကျနော်တို့ KTLA ကို ပြန်ပြီး ပုတ်ခတ်တာတွေ မလုပ်ဖို့လိုတယ်။”ဟု ပြောသည်။

ထိုစစ်ကြောင်းများအပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက KTLA လက်အောက်ရှိ တနင်္သာရီအခြေစိုက် ဆာကဆောတပ်မမှ ဗိုလ်အယ်ခွီးဦးဆောင်အဖွဲ့၏ တပ်ဖွဲ့ဝင် (၁၆)ဦးသည်လည်း KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂)ထံသို့ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းခဲ့ကြောင်း တပ်မဟာ(၄)ဘက်မှ သိရသည်။

စောနယ်ဒါးဘိုမြသည် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်ကာ KTLA ကို ဖွဲ့စည်းတည်ထောင်၍ KNU ထိန်းချုပ်သည့် တပ်မဟာ(၆)နှင့် တပ်မဟာ(၄)တို့တွင် အခြေပြုလှုပ်ရှားလျက်ရှိရာမှ တပ်မဟာ(၄)နှင့် KTLA တပ်များအကြား ၎င်းတို့ထိန်းချုပ်သည့်နယ်မြေများအတွင်း နှစ်ဖက်ပဋိပက္ခများ ကြီးထွားလာပြီးနောက် အပြန် အလှန် လက်နက်ကိုင်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ စွပ်စွဲပြောဆိုခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်။

KTLA ၏ ရပ်တည်ချက်များနှင့်ပတ်သက်၍ ကေအဲန်ယူဘက်မှလည်း KTLA နှင့် နိုင်ငံရေးရည်မှန်းချက်၊ စစ်‌ရေး ရည်မှန်းချက်များ မတူညီသည့်အတွက် ပူးပေါင်းလုပ်ဆောင်၍မရကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ဆန်းရက်က ပြုလုပ်ခဲ့သည့် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ တတိယထုတ်ပြန်ချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

ထို့နောက် KTLA ဦးဆောင်သူ စောနယ်ဒါးဘိုမြက ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူများ၏ တိုက်တွန်းမှုအရ ဟုဆိုကာ ဌာနအလိုက်အဖွဲ့ဝင်(၁၈)ဦး ပါဝင်သည့် လွတ်မြောက်နယ်မြေအခြေစိုက် ကော်သူးလေအစိုးရ(GOK)ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း နိုဝင်ဘာလ(၁၄)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

KTLA ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မြဝတီခရိုင် ဝေါ်လေဒေသတွင် လူ (၂၅)ဦး သတ်ဖြတ်ခံခဲ့ရ သည့်ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ရာထူးတာဝန်မှ ရပ်စဲခံလိုက်ရသည့် စောနယ်ဒါးဘိုမြက KNU မှ ခွဲထွက်ကာ ဇူလိုင်လ(၁၇)ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။