Home သတင်း နဘူးတွင် လောင်းကစားပွဲကာလရှည်စွာ ဖွင့်လှစ်ထားခြင်းကြောင့် ဒေသခံပစ္စည်းခိုးယူခံရမှု အဖြစ်များလာနေ

နဘူးတွင် လောင်းကစားပွဲကာလရှည်စွာ ဖွင့်လှစ်ထားခြင်းကြောင့် ဒေသခံပစ္စည်းခိုးယူခံရမှု အဖြစ်များလာနေ

417

ဒီဇင်ဘာ ၂၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (တပ်မဟာ-၇)နယ်မြေ၊ ဖားအံခရိုင်၊ နဘူးမြို့နယ် တဝယ်လာ ကျေးရွာ နားတွင် ကာလရှည်စွာလောင်းကစားဝိုင်းဖွင့်လှစ်ထားခြင်းကြောင့် အနီးအနားရှိကျေးရွာများတွင် တန်ဖိုးကြီး၊ တန်ဖိုးနည်းပစ္စည်းများသာမက မော်တော်ဆိုင်ကယ်များပါခိုယူခံရမှု အဖြစ်များလာနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသတွင် လောင်းကစားဝိုင်း ပြုလုပ်နေသည်မှာ ၅ လဝန်းကျင်ခန့်ရှိနေပြီဖြစ်သော်လည်း မည်သည့်အဖွဲ့ အစည်းမျှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုလိုပစ္စည်းခိုးယူမှုများ ပိုမိုအဖြစ်များ လာခြင်းဖြစ်သည်ဟု သရက်တောကျေးရွာ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခုက ဖွင့်ထားတာကြာပြီး၊ ဘယ်သူမှအရေးမယူဘူး။ ညဖက်တွေမှာဆို သတိကြီးထားရတယ်။ ဆိုင်ကယ်အစုတ်တွေရော၊ တရုတ်ဘီးတွေကအစ ခိုးခံထိတယ်။ တန်ဖိုးနည်းတဲ့ ပုဆိုးတောင်မှ အနည်းငယ် သစ်ရင် ပျောက်တယ်။ နောက်ပြီးတော့ ဆေးသုံးတဲ့သူတွေရော များလာတယ်။ ညဘက်တွေဆို ဆိုင်ကယ် အသံတွေနဲ့ရော၊ အသံချဲ့စက်က ဖွင့်တဲ့ အသံတွေနဲ့က အိပ်လို့မရဘူး အနှောင့်အယှက်ဖြစ်တယ်”ဟု ၎င်းဒေသ ခံက ကေအိုင်စီသို့ ပြောသည်။

ဖားအံခရိုင်တွင် လောင်းကစားပပျောက်ရေးအတွက် ကရင်လက်နက်ကိုင်လေးဖွဲ့ပါဝင်သည့် ကရင်လက်နက် ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက ၂၀၂၃ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး လောင်းက စားပြုလုပ်လျှင် ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ဖားအံခရိုင်အတွင်း လောင်းကစားများပြုလုပ်ခြင်းကို ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက တရားဝင်တားမြစ်ထားသော်လည်း အချို့လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုများရှိနေခြင်း ကြောင့် ထိရောက်စွာအရေးယူ တားဆီးနိုင်ခြင်း မရှိဘဲ ယခုလိုလောင်းကစားဝိုင်းများရှိနေရခြင်း ဖြစ်ကြောင်းကို ‌ဒေသခံပြည်သူတစ်ဦးက ယခုလို ဝေဖန်ပြောဆိုသည်။

“ကရင့်လက်နက်ကိုင်ဖြစ်ပြီးတော့ လောင်းကစားဝိုင်းမှာ အခုလို လူကိုယ်တိုင်ဝင်ရောက်ပြီး ပါဝင်ပတ်သက်တာ က လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ မြင်တယ်။ ပြောတာတော့ ကရင်လူမျိုးအတွက် အသက်စွန့်ပြီး ပေးဆပ်တယ်။ သူတို့ကပဲ စည်းကမ်းချထားပြီး တရားဥပဒေတွေနဲ့ဘာတွေနဲ့ သူတို့ကပါ အခုလိုလုပ်နေတော့ အဲဒီဥပဒေတွေ အလကားဖြစ်သွားတာပေါ့”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စု၊ ထီလုံရွာအနီးရှိ ဖွင့်လှစ်ထားသော အာဝါဒေးလောင်းကစားဝိုင်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကစားဝိုင်းကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်မျိုးရှိခဲ့သည့်အကြောင်းကို ဒေသခံများထံမှ သိရသည်။

ဖားအံခရိုင်အတွင်း လောင်းကစားဖွင့်လှစ်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများက လက်ရှိအချိန်တွင် အရေးယူမှုထက် ပညာပေးမှုအဆင့်သာ ဆောင်ရွက်နိုင်သေးကြောင်း ကေအဲန်ယူ၊ ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ရက်နေ့က ကေအိုင်စီသို့ ပြောဆိုထားသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် နေ့ကြီး၊ ရက်ကြီးကာလအတွင်း လောင်းကစားဝိုင်းများအား ဘုရားပွဲ၊ ဇာတ်ပွဲဟန်ပြကာ ကျင်းပနေကြခြင်းရှိသလို ထိုဝိုင်းများပြုလုပ်နေသည့် အရပ်ဒေသများတွင်လည်း လာရောက် ဆော့ကစားသူများပြီး ဒေသခံမဟုတ်သည့် လူအဝင်အထွက်များလာရာမှ ခိုးမှု၊ လုယက်မှုနှင့် ပစ္စည်းပျောက်ဆုံးမှုများ မကြာခဏဖြစ်လာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။