ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ရှိ စစ်ရှောင်များ ငှားရမ်းနေထိုင်သည့် ကြက်စားပြင် ရပ်ကွက်ဆိပ်ကမ်းတွင် အမျိုးသားအယောက်နှစ်ဆယ်ကျော်ကို ဒီဇင်ဘာလ ၂၇ရက် ယမန်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။
ထားဝယ်မြို့ပေါ်ရှိ ဒေသအသီးသီးမှ စစ်ဘေးရှောင်အများစု လာရောက် ငှားရမ်းနေထိုင်လျက်ရှိသည့် ကြက်စားပြင်ရပ်ကွက်ဆိပ်ကမ်း အနီးတဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ အမျိုးသားအယောက်၂၀ ကျော်ကို မြေတင်ကား(၆)စီးဖြင့် အကြောင်းမဲ့လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နေဒေသခံ တစ်ဦးက ပြောသည်။
၎င်းက “မနေ့ညနေကလာပြီးတော့ မြေတင်ကားတွေနဲ့လာပြီး ဖမ်းသွားတယ်။ ယောက်ျားလေး တော်တော် များများ ပါသွားတယ်။ အသက်လတ်ပိုင်းတွေရော။ အသက်ကြီးပိုင်း၊ လူငယ်ပိုင်းအရွယ်တွေလည်း ပါသွားတယ်။ ဘယ်ကို ခေါ်သွားတာလည်းတော့ မသိဘူး။ ပေါ်တာ လာဆွဲတာလို့ ထင်တာပဲ။ အများစုက ငါးဖမ်းသမားတွေ ပါသွားတာများတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးမှုကြောင့် ကြက်စားပြင် ရပ်ကွက်အတွင်း လာ ရောက်ငှားရမ်းနေထိုင်ကြသည့် စစ်ဘေးရှောင် မိသားစုဝင်များအနေဖြင့် စိတ်မလုံခြုံမှုများနှင့် ကြုံတွေ့နေရကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။
ထိုရပ်ကွက်အနီးရှိ ဘုမ္မော်ရပ်ကွက်နှင့် ထားဝယ်မြို့အတွင်းရှိ လမ်းဆုံ လမ်းဂွနေရာများနှင့် လူသွားလူလာ များသည့်နေရာများတွင် ယခင်ကထက် တင်းကြပ်စွာစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နောက်ထပ် ထားဝယ်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ရက်က ညဘက်အချိန် PDF တွေမြို့ထဲဝင်လာတဲ့ ဗီဒီယိုဖိုင်တစ်ခု တက်လာတယ်။ အဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်က အခုလိုပိုပြီး စစ်ဆေးတာနဲ့ ဖမ်းဆီးတာတွေ ပိုလုပ်လာတာ။ ပြည်သူနဲ့ PDFကြား သွေးခွဲတဲ့ သဘောပေါ့။ နင်တို့ မြို့ထဲဝင် လာလို့ အခုလိုတွေ ဖမ်းခံထိတာ ဆိုတဲ့သဘော စစ်တပ်က သွေးခွဲ လုပ်ဆောင်နေတာ။”ဟု ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်း အဆိုပါ ဖြစ်စဉ်နှင့် အလားတူ စစ်ကောင်စီ တပ်ဖွဲ့ဝင် များအနေဖြင့် ကြက်စားပြင် ရပ်ကွက်အကောက်ခွန်ဆိပ်ကမ်းအနီးရှိ အမျိုးသား ၃၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများ ပြောစကားအရ သိရသည်။