ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည် သူများအား ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် အရေးပေါ်စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့ကြောင်း မြို့နယ်ခေါင်းဆောင်များက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကူညီထောက်ပံ့မှုသည် ကော့ကရိတ်မြို့အတွင်း လတ်တလော စစ်ရှောင်လာသူများကို အရေးပေါ်ကူညီထောက်ပံ့ခြင်းဖြစ်ပြီး မိမိမြို့နယ်အတွင်းရှိ စစ်ရှောင်ဦးရေမှာ ကူညီပေးနိုင်မှု ထက်များစွာများပြားနေသဖြင့် ဝိုင်းဝန်းကူညီလှူဒါန်းရန် လိုအပ်ကြောင်း ကေအဲန်ယူ-ကော့ကရိတ်မြို့ နယ်အတွင်းရေးမှူး ပဒိုမန်းမြအေးက ယခုလို ပြောသည်။
“အခုအများစု ကူညီထောက်ပံ့ဖို့ ကောက်ခံတဲ့စာရင်း (၆၀၀)ဝန်းကျင်မှာ ကော့ကရိတ်မြို့က စစ်ရှောင် လာသူဖြစ်တယ်။ မြို့နယ်ထဲမှာ စစ်ရှောင်ဦးရေနဲ့ကူညီနိုင်တာမမျှတဘူး။ စစ်ရှောင်ဦးရေ ၃ သောင်း ကျော်ရှိတာ ကျနော်တို့ အနည်းငယ်ပဲ ကူညီထောက်ပံ့နိုင်တယ်။ ဒါကြောင့် ပြည်တွင်းပြည်ပမှ အလှူရှင်တွေ ဝိုင်းဝန်းကူညီဖို့ လိုအပ်တယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
အလားတူ တစ်နှစ်ကျော်နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး ကူညီထောက်ပံ့မှုများ လအတန်ကြာ မရတော့သဖြင့် စားနပ်ရိက္ခာအခက်အခဲကြုံနေရကြောင်း ကော့ကရိတ်တောင်ပိုင်းရှိ ရွာသစ်ကုန်း ကျေးရွာခံများက ပြောသည်။
ဒေသခံရွာသားတစ်ဦးက “ကျနော်တို့ ကျေးရွာအုပ်စုမှာတော့ အထိနာဆုံးပဲ။ နေအိမ်အဆောက်အအုံတွေ တိရစ္ဆာန်တွေအများကြီး သေကြေပျက်စီးဆုံးရှုံးရတယ်။ နေရပ်တိမ်းရှောင်နေတာလည်း တစ်နှစ်ကျော်ပြီး ကူညီထောက်ပံ့မှုလည်း မရတာအတော်ကြာနေပြီး။ စားနပ်ရိက္ခာ ကူညီပေးဖို့ တော်တော်လိုအပ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို လုံလောက်စွာ မကူညီပေးနိုင်သဖြင့် စစ်ရှောင်သူ ဒေသခံများကို တော်လှန်ရေးမိသားစု သဖွယ်သဘောထားကာ အခက်အခဲဖြေရှင်း ကျော်ဖြတ် ရမည်ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် ခေါင်းဆောင်များက ပြောသည်။
ထို့အပြင် ကေအဲန်ယူကော့ကရိတ်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကူညီနိုင်ရန်အတွက် မြို့နယ်၊ ခရိုင်၊ ဗဟိုအဆင့်သို့ တင်ပြတောင်းဆိုထားကြောင်းလည်း မြို့နယ်ခေါင်းဆောင်များက ပြောသည်။
လတ်တလော ကူညီထောက်ပံ့မှုတွင် ကော့ကရိတ်မြို့ခေါင်းဆောင်များဦးဆောင်မှုဖြင့် ကရင်လူငယ် အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ-CIDKP၊ Free Burma Rangers-FBRနှင့် မြို့နယ်အရေး ပေါ်တုံ့ပြန်ရေးနှင့် လူမှုကူညီစောင့်ရှောက်ရေးကော်မတီတို့ ပူးပေါင်း ပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကော့ကရိတ် တစ်မြို့နယ်လုံးတွင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၃၀,၀၀၀ (သုံးသောင်း)ကျော်ရှိပြီး အဆိုပါ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင်က ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။