Home သတင်း ဝယ်ယူသူမရှိ၍ ထားဝယ်မြို့ပေါ် ကွမ်းသီးဈေးကွက်ပျက်

ဝယ်ယူသူမရှိ၍ ထားဝယ်မြို့ပေါ် ကွမ်းသီးဈေးကွက်ပျက်

804

နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် ယခုနှစ်အတွင်း ကွမ်းသီးဝယ်ယူမည့်သူမရှိသော ကြောင့် ဈေးမရဘဲကွမ်းသီးဈေးကွက် ပျက်စီးနေကြောင်း ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ များက ပြောသည်။

ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် နှစ်အထိကွမ်းသီးဈေး တစ်ပိဿလျှင် (၄,၀၀၀)ကျပ်မှ (၄,၅၀၀)ကျပ်ထိ ဈေးကောင်းရရှိသော်လည်း ယခုနှစ် အမေလအတွင်း ကွမ်းသီးဈေး တစ်ပိဿာလျှင် (၂,၀၀၀) ကျပ်မှ (၂,၅၀၀)ကျပ်ထိ ကျဆင်းသည်ဟု ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ယခု အောက်တိုဘာလ ပထမအပတ်မှ စတင်ပြီး ကွမ်းသီးဝယ်ယူသူမရှိသလောက်နည်းပါး လာသောကြောင့် ကွမ်းသီးဈေးမှာ ယခင်နှစ်ကထက်ထက်ဝက်ကျော်ကျဆင်းပြီး ကွမ်းသီးဈေးကွက် ပျောက်ဆုံးနေကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

၎င်းက “မြို့ထဲမှာဆို ဒီတိုင်းပဲ ပစ်ထားကြတယ်၊ ဝယ်မဲ့သူတွေမရှိတော့။ ဈေးတွေကျလို့ အကုန်ရှုံးတယ်။ အဝယ်လည်း ရပ်နေတယ်။ ဈေးကအကျပဲ ရှိတယ်။ ပွဲရုံပိုင်ရှင်အသိထဲကဆို ဒီလထဲမှာပဲ သိန်း(၆,၀၀) ကျော် လောက်ရှုံးတယ်။ အရှေ့တောနယ်ဘက်က ကွမ်းသီးကို အဓိကလုပ်ကြတာဆိုတော့ အဲ့က နေမြို့ပေါ်မှာ ရတဲ့ဈေးနဲ့ လာရောင်းကြရတယ် ။”ဟု ကေအိုင်စီ သို့ ပြောသည်။

အရှေ့တောနယ်ဒေသတွင် နေထိုင်ကြပြီး ကွမ်းသီးလုပ်ငန်းကို အဓိကလုပ်ကိုင် နေကြသည့် ဒေသခံများ အနေဖြင့် စစ်ကောင်စီ၏ မကြာခဏ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်လာမှုကြောင့် နယ်မှကွမ်းသီး လာရောက်ဝယ်ယူသူများ ယခင်ကထက် နည်းပါးသွားကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

“အရင်ကဆို နယ်ကနေ ကွမ်းသီးတွေလာဝယ်ကြတယ်။ ကုန်တင်ကားတွေနဲ့။ အခုကျတော့ တိုက်ပွဲ ကလည်း ဖြစ်နေတယ်။ ဂိတ်ကြေးကလည်း ကောက်ခံထိနေတော့ ဒီရွာဘက်တွေကို ဘယ်သူမှ သိပ်မလာကြတော့ဘူး။ ကွမ်းသီးက မရောင်းဘဲဒီတိုင်းထားရင်လည်းပုပ်ကုန်မှာစိုးလို့ ရတဲ့ဈေးနဲ့ရောင်း နေရတယ်။” ဟု အရှေ့တောနယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ယခုလို ကွမ်းသီးရောင်းဝယ်မှုများ စျေးကွက်မရှိတော့သည့်အတွက်ကြောင့် ကွမ်းသီးလုပ်ငန်းလုပ် ကိုင်သူများအနေဖြင့် ကွမ်းသီးကို ရသည့်ဈေးများဖြင့် ရောင်းချနေကြရပြီး ဝင်ငွေနည်းပါးသွားကာ မိသားစု စားဝတ်နေရေး အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သူများ ပြောစကားအရ သိရသည်။

၎င်းအပြင် ထားဝယ်မြို့ပေါ်တွင် ခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများသည် ယခင်ကထက် နှစ်ဆကျော် မြင့် တက်လာခြင်းကြောင့် ကွမ်းသီးလုပ်ငန်းအသေးစား လုပ်ကိုင်သူများအနေဖြင့် ဝင်ငွေထွက် ငွေမမျှသည့်အနေထားနှင့်ကြုံတွေ့နေရကြောင်းလည်း ဒေသခံမျာထံမှ သိရသည်။

အလားတူ တိုက်ပွဲများစွာ နေ့စဉ်လိုလို ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၏ ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကွမ်းသီးစိုက်ပျိုးသည့် ကျေးရွာများတွင်လည်း ယခုနှစ်အတွင်းကွမ်းသီးအရောင်း အဝယ် လုပ်ကိုင်သူ နည်းပါးလာကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များ ပြောစကားအရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး(၂)နှစ်ကျော်လွန်ပြီးနောက်ပိုင်း ဒေသခံတောင်သူ လယ်သမားများအနေဖြင့် ဒေသထွက်သီးနှံများဖြစ်သည့် ကွမ်းသီး၊ ဝဥ၊ ဖာလာ စသည့် ဈေးကွက်ပျက်မှုဒဏ်ကို ကြုံတွေ့ နေရ ကြောင်း ဒေသခံများပြောစကားအရ သိရသည်။