Home သတင်း ဈေးနှိမ်ဝယ်ယူခြင်းကြောင့် လှိုင်းဘွဲနှင့် ပိုင်ကျုံဒေသရှိ ပီလောပီနံစိုက်တောင်သူများ အဆင်မပြေဖြစ်နေ

ဈေးနှိမ်ဝယ်ယူခြင်းကြောင့် လှိုင်းဘွဲနှင့် ပိုင်ကျုံဒေသရှိ ပီလောပီနံစိုက်တောင်သူများ အဆင်မပြေဖြစ်နေ

753

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်များတွင် ဒေသတွင်းစိုက်ပျိုးသော ပီလောပီနံဥများ စျေးကောင်းမရဘဲ အဝယ်ဒိုင်များကလည်း စျေးနှိမ်ပြီးဝယ်ယူနေသောကြောင့် ပီလောပီနံစိုက် တောင်သူ ဒေသခံများ စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေသည်ဟု သိရသည်။

ပိုင်ကျုံနှင့်လှိုင်းဘွဲမြို့နယ်၏ ထိုင်း-မြန်မာနယ်စပ် နေရာများတွင် ပီလောပီနံစိုက်ပျိုးကြသည့် တောင်သူအများစုသည် ပီလောပီနံစိုက်ပျိုးသည့်အခါ ထိုင်းလုပ်ငန်းရှင်များထံမှ ချေးငွေနှင့် မျိုးစေ့များယူကာ စိုက်ပျိုးထားကြသည်။ ပီလောပီနံဥကို တူးဖော်ပြီး ပြန်လည်ရောင်းချသည့်အခါ ၎င်းတို့ ချေးငွေနှင့် မျိုးစေ့များယူထားသော ထိုင်းလုပ်ငန်းရှင်များသို့သာ ပြန်လည်ရောင်းချ ရသည့်အတွက် ပေးသောဈေးဖြင့်သာ ရောင်းနေရသည်ဟု ဒေသခံများက ပြောသည်။

ပီလောပီနံ စိုက်တောင်သူတစ်ဦးက “သူတို့က စျေးနှိမ်ဝယ်တော့ ကိုယ်လုပ်ရတာမတန်ဘူး။ ကိုယ်လုပ်တာ ကိုယ်ပင်ပန်းသလောက် အကျိုးမြတ်ပြန်ရရင်ကောင်းတာပေါ့။ အခုက သူများကို လုပ်ကျွေး၊ ပိုက်ဆံသွားပေးသလိုပဲ။ သူတို့ဆီအကြွေးတောင်တင်သေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုဒေသရှိ ဒေသခံများသည် သီးနှံများအား ထိုင်းကုမ္ပဏီများထံ အဓိက ဦးစားပေး၍ ရောင်းချနေပြီး ယခုလို ကုမ္ပဏီများဘက်မှ သီးနှံများအား စျေးနှိမ်ဝယ်ခြင်းများပြုလုပ်နေသောကြောင့် ဒေသခံများ အနေဖြင့် မိသားစုစားဝတ်နေရေးမှာ ခက်ခဲလာကြောင်း ၎င်းပီလောပီနံစိုက်တောင်သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ အချို့သော ထိုင်းလုပ်ငန်းရှင်များသည် မြန်မာအလုပ်သမားများနှင့် စိုက်ပျိုးရေးလုပ် ကိုင်နေကြ‌သော တောင်သူများအပေါ် လုပ်အားခနှင့်သီးနှံများ ဈေးနှိမ်ခြင်းတို့ကို လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်ဟု ဒေသအာဏာပိုင်တစ်ဦးက ပြောသည်။

၎င်းဒေသအာဏာပိုင်က “ဒီလိုပုံစံမျိုးတွေက ဆက်ဖြစ်နေရင်ကတော့ကိုယ့်ရဲ့အကျိုးစီးပွားအတွက် မထိခိုက်အောင်လို့တော့ ကာကွယ်မှု‌တွေ လုပ်သင့်တယ်လို့ ထင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းဘတ်ငွေဈေးမြင့်တက်မှု၊ ပြည်တွင်းကုန်ဈေးနှုန်းအလွန်မြင့်တက်လာမှုတို့ကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် အဆင်မပြေမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး စားဝတ်နေရေး ခက်ခဲလာသည်ဟု လှိုင်းဘွဲနှင့် ပိုင်ကျုံဒေသရှိ တောင်သူများက ပြောဆိုကြသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ကလည်း သီးနှံထွက်ချိန်တွင် မြန်မာ-ထိုင်း နယ်ခြား သောင်ရင်းမြစ်ဘေးတစ်လျှောက်ရှိ တောင်သူများ၏ သီးနှံများကို ထိုင်းလုပ်ငန်းရှင်များမှ စျေးနှိမ်ဝယ်‌ယူသောကြောင့် တွက်ခြေမကိုက်ဖြစ်‌ခဲ့‌သေးသည်ဟု ‌စိုက်ပျိုးသူများက ပြောဆိုသည်။