Home သတင်း ကော့ကရိတ်-နဘူးလမ်း စစ်တပ်က ပိတ်ထားသဖြင့် ဒေသခံများသွားလာရခက်ခဲနေ

ကော့ကရိတ်-နဘူးလမ်း စစ်တပ်က ပိတ်ထားသဖြင့် ဒေသခံများသွားလာရခက်ခဲနေ

1085

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ကော့ကရိတ်-နဘူးသွားသည့်လမ်းကို ပြီးခဲ့သည့်အပတ်မှစတင်ကာ စစ်ကောင်စီတပ်က အသွားအလာပိတ်ထားသဖြင့် ဒေသခံများသွားလာရခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကော့ကရိတ်-နဘူးလမ်းကို ပုံမှန်သွားနေသည့် ထီးဖိုးစံရွာသားတစ်ဦးက ” တံတားကျိုးဂိတ်အရှေ့က နဘူးသွားတဲ့လမ်း ကုက္ကိုလ်ပင်ကြီးအောက်မှာ ပိတ်ထားလိုက်တယ်။ သွားလာလို့ လုံးဝမရတော့ဘူး။ ကော့ကရိတ်လာမယ်ဆို ကျုံဒိုးကနေပတ်ပြီး လာရတယ်။ သွားလာရတာတော့ အခက်အခဲရှိတယ်”ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဘက်စစ်ရေးတင်းမာနေသဖြင့် ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဒေသခံများသည် စားသောက်ကုန်ပစ္စည်းများကို ကော့ကရိတ်မြို့ပေါ်ကို သွားရောက်မဝယ်ယူကြတော့ဘဲ ကျုံဒိုးမြို့ကိုသွားရောက်ဝယ်ယူကြရကြောင်း ဒေသခံများက ပြောသည်။

လတ်တလောတွင် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားမည့်သတင်းကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်လာခြင်းကြောင့် မြို့ပေါ်ရှိ ဒေသခံအများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကုန်စုံဆိုင်အများစုလည်း ပိတ်ထားလျက်ရှိကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ကော့ကရိတ်မြို့အ‌ခြေစိုက် ခြေမြန်တပ်ရင်း -ခလရ(၉၇)နှင့် လှိုင်ဝ အမြှောက်တပ်ကလည်း လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်မှုလုပ်ဆောင်နေပြီး ယမန်နေ့ညတွင် ကော့ကရိတ်မြို့ အမှတ်(၂) ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲသဖြင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။