နိုဝင်ဘာ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ၊ နဘူး-ထီလုံ လမ်းမကြီးတိုးချဲ့ ဆောင်ရွက်မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ရက်ကစပြီး ၂၇ ရက်နေ့အထိ ၎င်းလမ်းမနံဘေးရှိ ဆိုင်ခန်း၊ စျေးဆိုင်ပေါင်း ၃၀ ကျော်ဖယ်ရှားခံခဲ့ရကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။
အဆိုပါ လမ်းတိုးချဲ့ဆောင်ရွက်မှုကို စစ်ကောင်စီ၏ နယ်စပ်ဒေသနှင့်တိုင်းရင်းသား ဖွံ့ဖြိုးရေး ဦးစီးဌာန (နတလ)မှ ဦးစီးလုပ်ဆောင်နေပြီး လမ်းနယ်ဧရိယာအတွင်းရှိ စျေးဆိုင်များနှင့် ဆိုင်ခန်းပေါင်း ၃၀ ကျော် ဖယ်ရှားဖျက်ဆီးခံခဲ့ရကြောင်း ဆိုင်ခန်းဖျက်ဆီးခံရသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “သူတို့လာဖယ်သွားတယ်။ ဆိုင်ခန်းတွေ၊ အထည်ဆိုင်တွေ၊ မုန့်ရောင်းတဲ့ဆိုင်တွေ ဖုန်းဆိုင်တွေ ခြံမြေ တွေ အများကြီးပါကြတယ်။ တချို့အဆောက်အဦးတွေဆိုရင် အများကြီးဆုံးရှုံးရတယ်။ ဘာတစ်ခုမှ ပြန်ပြော လို့ မရဘူး။ သူတို့အကုန်ဖျက်နေတာ” ဟု ပြောသည်။
လမ်းလုပ်ငန်းခွင် တိုးချဲ့ရာ ဧရိယာဘေးနားရှိ မလွတ်ကင်းသော စျေးဆိုင်၊ ဆိုင်ခန်းများအပြင် ရာဘာခြံနှင့် လူနေအိမ်များပါ ပါဝင်နေပြီး ဖယ်ရှားဖျက်ဆီးခံမှုမတိုင်ခင် တရားဝင်အသိပေးပြောဆိုမှုမျိုးမရှိသလို နစ်နာမှု များအတွက်လည်း တာဝန်ယူဖြေရှင်ပေးခြင်းမျိုးမရှိကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ဒေါ်စု(NLD- အစိုးရ)လက်ထက်တုန်းကလည်း ဒီလိုပဲ၊ လုပ်ပြီးအခါကျရင် ဘာနစ်နာကြေးမှလည်း မရသလို ဘာမှလည်းပြန်မပေးဘူး။ ခေတ်အဆက်ဆက်က ဒီလိုပဲ အာဏာရှင် လက်ထက်မှမဟုတ်ဘူး။ ဟိုတုန်း က လည်း ဖားအံဒေသခံတွေ အကုန်ခံခဲ့ရတာပဲ။ အခုမှ ခံခဲ့ရတာမဟုတ်ဘူး။ ပြန်ဖြေရှင်းပေးမှာ မဟုတ်ဘူး။ ဘယ်သူမှဖြေရှင်းပေးမှာလည်းမဟုတ်ဘူး”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
ယခုလို လမ်းချဲ့မှုလုပ်ဆောင်ခြင်းထက် ပျက်စီးသွားသောလမ်းအစိတ်အပိုင်းများ၊ ချိုင့်ခွက်များဖြစ် ပေါ် ခြင်းနှင့်လမ်းကြမ်းများကို ပြုပြင်လုပ်ဆောင်ခြင်းကိုသာ ဒေသခံပြည်သူများလိုလားကြောင်းလည်း ဒေသခံ ပြည်သူများက ဆိုသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလကလည်း ဖားအံမြို့နယ် ဇာသပြင်ကျေးရွာအပြင်ဘက် ကားလမ်းမကြီး တစ်လျှောက် လမ်းတိုးချဲ့မည့် စီမံကိန်းကြောင့် လမ်းဘေးဝဲယာရှိ ဈေးဆိုင်ခန်းများနှင့် လူနေအိမ်များ ဖျက် သိမ်းခံရသည့် ဖြစ်စဉ်မျိုးရှိခဲ့သည်။



















