Home သတင်း ဟန်ပြဇာတ်ပွဲ ပိတ်သိမ်းသော်လည်း လောင်းကစားဝိုင်းများမဖျက်ဘဲ နေရာရွှေ့ပြောင်းပြုလုပ်နေ

ဟန်ပြဇာတ်ပွဲ ပိတ်သိမ်းသော်လည်း လောင်းကစားဝိုင်းများမဖျက်ဘဲ နေရာရွှေ့ပြောင်းပြုလုပ်နေ

751

နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့၊ ကျောက်စိမ်းအုပ်စုအတွင်း ကျင်းပနေ သော အာဝါဒေးလောင်းကစားဝိုင်းများအကြောင်း သတင်းမီဒီယာမှတဆင့်ထွက်ပေါ်လာပြီးနောက် ကစားဝိုင်းနေရာ ရွှေ့ပြောင်းသွားသော်လည်း ဖျက်သိမ်းလိုက်ခြင်းမရှိဘဲ ဆက်လက်ကျင်းပနေ ကြောင်း မြို့ခံလူထုထံမှ သိရသည်။

ရွှေ့ပြောင်းလိုက်သော လောင်းကစားဝိုင်းများကို လှိုင်းဘွဲမြို့ ဒိုင်းပြရွာတွင် လက်ရှိအချိန်ထိ ကျင်းပ နေမြဲဖြစ်ပြီး ယခင်ကဟန်ပြအနေဖြင့်သာ ပြုလုပ်သည့် ဇာတ်ပွဲများကို ပိတ်သိမ်း၍ လောင်းကစား ဝိုင်းသီးသန့်ထားရှိခြင်းဖြစ်သည်ဟု မြို့နေသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ဒိုင်းပြရွာဆိုတာ BGF က ဗိုလ်တစ်ယောက်နေတဲ့ရွာ။ ကမော့ကချုူးရွာ သွားတဲ့လမ်းက နေဆိုရင် နည်းနည်းလှမ်းတယ်။ အတွင်းထဲကျတယ် အဲဒီမှာပြောင်းလုပ်နေတာ။ အရင်နေရာနဲ့ တူးမြောင်းတစ်ခုပဲခြားတယ်။ ဇာတ်ပွဲလည်းမရှိတော့ဘူး။ မီဒီယာမှာ သတင်းထွက်ပြီးနောက် နေရာရွှေ့သွားတာပဲ။” ဟု အဆိုပါမြို့ခံက ကေအိုင်စီသို့ ပြောသည်။

ဒိုင်းပြရွာရှိလောင်းကစားဝိုင်း ဦးဆောင်ကျင်းပနေသူများမှာလည်း ယခင်ကျောက်စိမ်း အုပ်စုရှိ လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်နေသူ စစ်ကောင်စီလက်အောက်ခံများပင်ဖြစ်သလို ညမ ထွက်ရအမိန့်ထုတ်ထားသည့်အခြေအနေအတွင်း အဆိုပါဝိုင်းသို့လာသူများကိုမူ အချိန်မရွေး လွတ်လပ်စွာသွားလာခွင့်ပေးထားသဖြင့် မြို့နေသူများက တရားမျှတမှုမရှိသောစစ်ကောင်စီ၏ အမိန့်အပေါ် ကျေနပ်မှုမရှိကြကြောင်း သိရသည်။

“ဒိုင်းပြအဝင်မှာ ညဆယ်နာရီမနက်လေးနာရီ ညမထွက်ရအမိန့်စာကပ်ထားတယ် ။ လောင်းကစား ဝိုင်းသွားတဲ့သူကျတော့ ပေးသွားတယ်။ ကိုယ့်မြို့ခံတွေ ဆေးရုံဆေးခန်းသွားချင်ရင်ကျတော့ မရဘူး။ သွားချင်ရင်တစ်ခုခုဆို အုပ်ချုပ်ရေးမှူးကိုပြောတဲ့ သူကနေမှတဆင့် အကြောင်းပြန်ပေးမယ်ပေါ့၊ အဲ့လိုပြောတယ်။ အဲဒါတရားလားလို့ စဥ်းစားကြည့်လိုက်ဦး။” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြော သည်။

ထိုလောင်းကစားဝိုင်းများကြောင့် နီးစပ်ရာမှလာရောက်ဆော့ကစားသူများဖြင့် မြို့အဝင်အထွက် တွင် လူများပြားလျက်ရှိရာ မြို့အတွင်းခါးပိုက်နှိုက်မှုများ၊ ခိုးယူလုယက်မှုများ ပိုမိုတိုးမြှင့်လာပြီး လောင်းကစားဝိုင်းများအနီးတွင်လည်း အတိုးနှုန်းဖြင့် ချေးငွေချပေးသူ၊ ချေးယူသူများဖြင့် စည်ကား နေကြောင်းလည်း မြို့ခံများက ပြောသည်။

နောက်ထပ်လှိုင်းဘွဲမြို့ခံတစ်ဦးကလည်း “သိတာကတော့ ဒိုင်းပြဘောလုံးကွင်းမှာ လုပ်နေတယ်။ မြို့နယ်ကပဲရွှေ့ခိုင်းလို့ ရွှေ့တဲ့သဘောပဲအရင်ပွဲစီစဥ်တဲ့လူတွေပဲ ပြန်ပေါင်းပြီးလုပ်တာ။ ဒိုင်းပြဆိုတာ BGF ရွာဆိုတော့ BGF က လုံခြုံရေးယူပေးနေတာ တော့ရှိမှာပေါ့၊ ငွေတိုးချေးစားနေတဲ့သူတွေလည်း ရှိတယ်။ တစ်ဆယ်တိုးနဲ့ပိုက်ဆံအတိုးလိုက်ချနေတာ ဒီညတစ်သိန်းယူမယ်ဆိုရင် တစ်သောင်းပြန် အတိုးပေး တစ်ရက်စာပေါ့ အဲ့လိုလိုက်လုပ်စားတဲ့သူတွေ”ဟု ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်း သန်းနှင့် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ၏ကွပ်ကဲမှုအောက်ရှိ ဗိုလ်ကြီးကောင်းဆက်ဟန်တို့က ဦးစီး၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ ကျင်းပလာကြခြင်းဖြစ်ပြီး တစ်ညလျှင်အခွန်အဖြစ် မြန်မာကျပ် ငွေ ဆယ်သိန်းခန့်ရရှိနေကြောင်း သိရသည်။

လောင်းကစားဝိုင်းများကြောင့် မြို့နေလူထု၏ အကျင့်စာရိတ္တကိုပျက်ပြားစေရုံသာမက လူစိမ်းအဝင် အထွက်များသဖြင့် လုယက်မှုများ ယခင်ထက်ပိုမိုများပြားလာသော်လည်း အရေးယူမည့်သူမရှိ ကြောင်း မြို့ခံများက ကေအိုင်စီသို့ ပြောဆိုထားသည်။