Home သတင်း စစ်ကောင်စီနှင့်ဆွေးနွေးပွဲလုပ်လျှင် မင်းအောင်လှိုင်အာဏာသိမ်းမှုကို အားပေးခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီပြော

စစ်ကောင်စီနှင့်ဆွေးနွေးပွဲလုပ်လျှင် မင်းအောင်လှိုင်အာဏာသိမ်းမှုကို အားပေးခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီပြော

1190
Photo: KNU

နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူထားသည့် စစ်ကောင်စီတပ်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်လျှင် မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို သွားရောက်အားပေးခြင်းဖြစ်သည်ဟု KNU -ကရင်အမျိုးသားအစည်း အရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် 1949 Spirit အဖွဲ့က အွန်လိုင်းအစီအစဉ်ဖြင့် ပြုလုပ်ကျင်းပသည့် ဗိုလ်ချုပ် ကြီး စောဂျော်နီအား ထူးချွန်ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနား၌ ဗိုလ်ချုပ်ကြီးစောဂျော်နီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးစော‌ဂျော်နီက”မင်းအောင်လှိုင်က အာဏာသိမ်းထားတော့ တွေ့ဆုံဆွေးနွေးလို့မရဘူး။ ကျနော်တို့ အထဲမှာ အချို့က မင်းအောင်လှိုင်နဲ့သွားရောက်တွေ့ဆုံတာရှိတယ်။ ‌‌မင်း‌အောင်လှိုင်နဲ့ သွားရောက်တွေ့ ဆုံဆွေး နွေးရင်တော့ မင်းအောင်လှိုင်ရဲ့အာဏာသိမ်းမှုကို သွားရောက်အားပေးတာဖြစ်တယ်။”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့အပြင် ကရင်အမျိုးသားများအနေဖြင့် ၇၇ နှစ်တိုင် လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်လာခဲ့ပြီဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ကရင်ပြည်ရရှိရန် တိုက်ခိုက်ရေး လမ်းစဉ်ကို ကျင့်သုံးရမည်ဖြစ်သလို တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းကိုလည်း ရှာကြံရမည်ဖြစ်‌ကြောင်း၊ သို့သော်လည်း တရားဝင် အစိုးရနှင့်သာလုပ်ဆောင်ရမည်ဖြစ်‌ပြီး လက်ရှိတိုင်းပြည်အာဏာသိမ်းယူထားသည့် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေး၍မရကြောင်း ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

ဆက်လက်၍ သီးခြားလွတ်လပ်ပြီး နိုင်ငံတကာကအသိအမှတ်ပြု‌ လေးစားသည့် ကရင်ပြည်ရရှိရန် အနယ်နယ်အရပ်ရပ်ရှိ ကရင်လူမျိုးတိုင်းတာဝန်ရှိပြီး ရန်သူကို တိုက်ခိုက်ရာတွင် ရန်သူ့၏အခြေအနေကို သိရှိရမည်ဖြစ်သလို မိမိတို့၏ အခြေအနေကိုလည်း နားလည်ထားရမည်ဖြစ်ကြောင်း KNLA စစ်ဦးစီးချုပ်က ထပ်လောင်းပြောဆိုသည်။

ထို့နေ့တွင် ပြုလုပ်ကျင်းပသည့် 1949 Spirit အဖွဲ့၏ ဗိုလ်ချုပ်ကြီးဂျော်နီအား ထူးချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အစီအစဉ်သို့ KNLA ဗဟို ဌာနချုပ်မှ ခေါင်းဆောင်များ၊ စစ်ဘက်အရပ်ဘက် ခေါင်းဆောင်များနှင့် နိုင်ငံခြားရောက် ကရင်အမျိုးသားများအပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

1949 Spirit အဖွဲ့ကို ကရင်အမျိုးသား၏လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်စတင်သည့် ၁၉၄၉ ခုနှစ် စိတ်ဓာတ်ကို ပြန်လည်အသက်သွင်းရန်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAကို ပြန်လည် ထောက်ပံ့နိုင်ရန်ရည်ရွယ်၍ နိုင်ငံခြားရောက် ကရင်အမျိုးသားတော်လှန်ရေးသမားဟောင်းအချို့က ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

1949 Spirit အဖွဲ့၏ ပထမဆုံးအကြိမ် ဂုဏ်ပြုဆုကို ၂၀၁၆ ခုနှစ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ယခုဒုတိယအကြိမ်အနေဖြင့် ဗိုလ်ချုပ်ကြီး စောဂျော်နီအား ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။