Home သတင်း ဖားအံပြည်နယ်နေ့ပွဲတော် စစ်ကောင်စီလုံခြုံရေးတင်းကြပ်ပြီး ဌာနဆိုင်ရာဝန်ထမ်းမိသားစုများဖြင့်သာ ကျင်းပ

ဖားအံပြည်နယ်နေ့ပွဲတော် စစ်ကောင်စီလုံခြုံရေးတင်းကြပ်ပြီး ဌာနဆိုင်ရာဝန်ထမ်းမိသားစုများဖြင့်သာ ကျင်းပ

406
Photo: Crd.

နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

၆၈ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်ပိုင်းက ဖားအံမြို့ သီရိကွင်းနေရာတွင် ပြည်နယ်စစ်ကောင်စီက လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိသားစု ဝင်များ နှင့် စစ်တပ်ထောက်ခံသည့် ဒေသခံအစုအဖွဲ့များအား ခေါ်ယူစုဝေး၍ လုံခြုံရေးအထူးတင်းကြပ် ချထား ကာ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း မြို့ခံများက ပြောသည်။

သိရီကွင်းအနီး နေထိုင်သူတစ်ဦးက “ဒီမနက် ပြည်ထောင်စု ကုန်းလမ်းဆုံ၊ တရားရုံးလမ်း၊ ကန်သာ ယာခန်းမလမ်း၊ ပညာရေးမှူးရုံးလမ်း၊ သိရီကွင်း ပတ်ခြာလည်ကလမ်းတွေ ပိတ်ထားတယ်။ စစ်တပ် အာဏာသိမ်းကတည်းက ပိတ်ထားတာကနေ အခုထိပေါ့။ ပွဲကွင်းကိုဝင်ဖို့ ပြည်ထောင်စုရုံး ကုန်းလမ်းမပဲဖွင့်ပေးတယ်။ ဒုံးအဖွဲ့ ပြိုင်တာတွေက သူတို့ကတာ သူတို့ ပြန်ထိုင်ကြည့်တဲ့ပုံစံပဲ။ ပြခန်း တွေလည်း ဟန်ပြပဲပြထားတယ်။ ဈေးတန်း တွေ သိပ်မစည်ဘူး၊ ရွာကလူတွေကို ကားတွေနဲ့ လာ တက်ဖို့ခေါ်တာမှာ လာကျတာတော့တွေ့တယ် ။ ”ဟု ပြောသည်။

ယခုကျရောက်သည့် ၆၈ နှစ်မြောက် ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်ပါဝင်ဖွင့်လှစ်ပေးပြီး ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးက ဌာနဆိုင်ရာဝန်ထမ်းများ ခြံရံပြီးမုဒ်ဦးဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည် ။

“ဒီနှစ် ဒုံးပြိုင်တာက အဖွဲ့ ၂၀ လောက်ရှိတယ်. ညတိုင်း ကနေတယ်။ ရပ်ကွက်သားတွေ လာကြည့် တာပွဲဈေးလာတာ လူသိပ်မရှိဘူး။ ဒုံးစင်မှာ စစ်တပ်ဌာနဆိုင်ရာဝန်ထမ်းရယ်၊ ဒုံးပြိုင်ပွဲဝင်အဖွဲ့တွေ ရယ်၊ အမှတ်ပေးတဲ့ ဒိုင်လူကြီးရယ်ပဲ ရှိတယ်. ကျန်တာ စစ်သား၊ ရဲ၊ BGF တွေပဲကင်းပတ်နေတယ် ”ဟု ဖားအံ အမှတ် ၄ ရပ်ကွက် ပိတောက်လမ်း နေထိုင်သူတစ်ဦးကလည်း ပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့် နီးစပ်သူများသာ အများစု ပါဝင်ဆင်နွှဲကြသည့် ယခုနှစ် ပြည်နယ်နေ့သည် ယခင်နှစ်များထက် လုံခြုံရေးချထားကာ စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေကြောင်း ဒေသခံများကပြောသည်။

Photo: Crd.

နောက်ထပ်ဖားအံဒေသခံတစ်ဦးက ” သူတို့နဲ့နီးစပ်တဲ့သူတွေ ဝန်ထမ်းတွေ လောက်ပဲသွား ကြတယ်။ အပြင်လူတော့သိပ်မသွားကြပါဘူး။ နောက်ပြီးပတ်ပတ်လည်လုံခြုံရေးချထားတယ်။ စစ်ဆေးမှုတွေ လည်းတင်းကြပ်ထားတယ်။ ပြည်နယ်ပွဲသွားတဲ့လူဆို မှတ်ပုံတင်တွေ နေရပ်တွေ ပြရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကရင်ပြည်နယ်နေ့ပွဲတော်ကို အပစ်ရပ် DKBA အဖွဲ့က တက်ရောက်ရန် နိုဝင်ဘာလ ၅ရက်က စစ်အင်အား ၁၀၀ ခန့်၊ စစ်ကား ၁၆ စီးဖြင့် ဖားအံမြို့သို့ သွားရောက်စဉ် ကျုံဒိုးမြို့၊ ဂျိုင်းတံတားလမ်း အရောက်တွင် နယ်လုံဝန်ကြီးက ကား ၃ စီးသာ သွားခွင့်ပြုသည့်အတွက် ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင် ကျေးရွာဘက်သို့ လှည့်ပြန်ခဲ့ကြောင်း DKBA စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ စစ်ကောင်စီက ကျင်းပသည့် ၆၈ ကြိမ်‌မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို နိုဝင်ဘာ လ ၅ ရက်မှစကာ ပွဲတော်အကြိုစတင်ကျင်းပနေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကရင်ဒုံး အကအလှ ပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိင်ပွဲ၊ လှေပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ဘောလုံးပွဲများ ထည့်သွင်း ကျင်းပနေကြောင်း ဖားအံဒေသခံများထံမှ သိရသည်။

ထိုသို့ ပြိုင်ပွဲများကျင်းပရာတွင် တက္ကသိုလ်များ၊ အခြေခံကျောင်းများ၊ ရုံးဌာနများ၊ ရပ်ကွက်ကျေးရွာ များမှ မပါမ‌နေရ ဖိအားပေး ဝင်ရောက်ယှဉ်ပြိုင်ရန် ‌ညွှန်ကြားထားသည့်အတွက် ပါဝင်ခဲ့ရကြောင်း စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းသတင်းအရင်းအမြစ်က ပြောသည်။