Home သတင်း နိုင်ငံရေး ရည်မှန်းချက်မတူညီသဖြင့် KTLA နှင့် ပူးပေါင်းလုပ်ဆောင်၍မရကြောင်း KNU ပြော

နိုင်ငံရေး ရည်မှန်းချက်မတူညီသဖြင့် KTLA နှင့် ပူးပေါင်းလုပ်ဆောင်၍မရကြောင်း KNU ပြော

1201
Photo: KTLA

နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

နိုင်ငံရေးရည်မှန်းချက်မတူညီသဖြင့် KTLA (ကော်သူးလေအာမီ)နှင့် ပူးပေါင်းလုပ်ဆောင်၍ မရသည့်အတွက် အစည်းအရုံး၏ ရပ်တည်ချက်နှင့် ပါဝင်သူများအားလုံး ပါဝင်ပတ်သက်မှုမရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်း များအား အသိပေးဆောင်ရွက်သွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက နိုဝင်ဘာလ (၆)နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇)ကြိမ်မြောက်ကွန်ဂရက်အပြီး နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ သုံးရက်တာကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ တတိယအစည်းအဝေး ထုတ်ပြန်ချက်တွင် ထိုသို့ ရေးသားထုတ်ပြန်ထားခြင်းဖြစ်သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “လက်ရှိအချိန်မှာ အဖွဲ့အစည်းနှစ်ခုက စည်းကမ်းချက် နိုင်ငံရေးရည်မှန်းချက်၊ စစ်ရေးရပ်တည်ချက်မတူတော့ ပူးပေါင်းလုပ်ဆောင်လို့ မရဘူးဆိုတာကို ပြောချင်တယ်။ ကျနော်တို့ KNLA က အထက်က အမိန့်ကို လိုက်နာရတာနဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေရှိတယ်။ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လိုက်နာရမယ့်စည်းကမ်းတွေရှိတယ်။ အဲဒါကြောင့် မြေပြင်မှာက ဒေသခံ လူထုတွေနဲ့တွေ့ရတဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေက လိုက်နာမှုမတူတဲ့အတွက် အခက်အခဲတွေကြုံတွေ့ ရတယ်။ အဲဒီအတွက် ကျနော်တို့က ဒါကိုထုတ်ပြန်ရတာဖြစ်တယ်”ဟု ပြောသည်။

ကေအဲန်ယူဘက်က ထိုသို့ ထုတ်ပြန်ထားသော်လည်း လတ်တလော ရှေ့တန်းစစ်မြေပြင်တွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူး ပေါင်းလုပ်ဆောင်မှုရှိသလို ပြည်သူလူထုများအနေဖြင့်လည်း စောင့်ကြည့်သုံးသပ်ဆုံးဖြတ်ကြလိမ့်မည်ဟု KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ရှေ့တန်းမှာကတော့ ပူးပေါင်းလုပ်ဆောင်တာကို တွေ့နေရတာပဲ။ နောက်တန်းမှာကျတော့ ဘယ်လိုတွေ လုပ်နေကြတာလဲဆိုတာ မပြောတတ်ဘူး။ ဒါတွေကတော့ ပြည်သူလူထုကပဲ စောင့်ကြည့်သုံးသပ်ကြည့်ပေါ့”ဟု ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ကေအဲန်ယူ နှင့် KTLA တို့ ပြဿနာသည် ကရင်ပြည်သူလူထုအချင်းချင်းကြား စည်း လုံးညီညွတ်ရေးကို ပျက်ပြားစေသည့်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသည့်နည်းလမ်းဖြင့် သွားမှသာရတော့မည်ဖြစ်ကြောင်း ကရင်အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ကျမအမြင်က ဒီကိစ္စက ဖြေရှင်းရတဲ့ အဓိကပြဿနာထဲက တစ်ခုပါတယ်လို့ မြင်တယ်။ တစ်ဖက်နဲ့ တစ်ဖက်တွေ့ဆုံဆွေးနွေးမှ ရတော့မယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း တတိယလူဖြစ်တဲ့ အရပ် ဖက်အဖွဲ့ပါမှ ရမယ်လို့ မြင်တယ်။ ကျမတို့က ဘယ်ဖက်မှရပ်တည်တာမဟုတ်ဘူး။ ကျမတို့စိုးရိမ်တာက အချင်း ချင်းဖြစ်တဲ့ပြဿနာကို ကျမတို့ လူထုထဲမှာ ရောက်သွားမှာ စိုးရိမ်တယ်။ အခုတောင် ကေအဲန်ယူ ရပ်တည် တဲ့လူထု၊ ဟိုဘက်ကို ရပ်တည်တဲ့လူထုအချင်းချင်းတောင် ပြောဆိုတိုက်ခိုက်တာတွေရှိတယ်။ ဒါက စည်းလုံးညီညွတ်မှုကို ပျက်ပြားစေတာဖြစ်တယ်”ဟု ပြောသည်။

၃ ရက်တာ ကျင်းပသွားသော KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ပြီးခဲ့သည့် ဩဂုတ်လ( ၁၀)ရက်နေ့က ပြုလုပ်သည့် ကေအဲန်ယူကွန်ဂရက်အပြီး ရက် ၁၀၀ အစည်းအဝေးမှ ရှင်းလင်းထုတ်ဖော်ပြောကြား ထားခဲ့သည့် ကော်သူးလေဖက်ဒရယ်ယူနစ် ရည်မှန်းချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက် သည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲသည့်လုပ်ငန်းများ၊ မူဝါဒများ အား သက်ဆိုင်ရာကော်မတီနှင့် ဌာနဆိုင်ရာအသီးသီးက စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကေအဲန်ယူအဖွဲ့အစည်းအနေဖြင့် လက်ရှိ နိုင်ငံရေးလမ်းစဉ်အတိုင်းဆက်သွားပါက နိုင်ငံရေး ရည်မှန်းချက်ပြည့်ဝ ရန်အတွက် လွယ်ကူမည်မဟုတ်ကြောင်းလည်း ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ယခုလို ထောက်ပြပြောဆိုသည်။

“ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက်က စစ်ကောင်စီကို တိုက်ထုတ်မယ်။ တိုက်ထုတ်ပြီးမှ တစ်ဆင့်ချင်း သွားရမှာ ဖြစ်တယ်။ တစ်ခါထဲဖက်ဒရယ်ကို သွားလို့မရဘူး။ မြောက်ပိုင်းမှာ AA၊ ပလောင်တို့ ပူးပေါင်း လုပ်ဆောင် သလို လုပ်ရမယ်။ အဲဒါပြီးမှ လူထုဆန္ဒအတိုင်းသွားရမှာဖြစ်တယ်။ ခေါင်းဆောင်ဖြစ်စေ၊ လူထုဖြစ်စေ၊ တပ်ပိုင်းက ရဲဘော်တွေဖြစ်စေ လက်နက်ကိုင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ဖြစ်စေ စဉ်းစားတွေးခေါ်တတ်ရမယ်။ အောက်ခြေ လွတ်ရင်တော့မရဘူး”ဟု ၎င်းက ပြောသည်။

KAW THOO LEI ARMY (ကော်သူးလေအာမီ)အဖွဲ့ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ရာထူးနှင့်တာဝန်မှ ထုတ်ပယ်ခြင်းခံရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်းထားသော ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ကော်သူးလေအာမီအဖွဲ့သည် ကေအဲန်ယူ-ကရင်အမျိုးသားစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် -KNLA တို့နှင့် ပတ်သက်မှုမရှိကြောင်းကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လတွင် ကေအဲန်ယူက ထုတ်ပြန် ထားသော်လည်း ဒူးပလာယာခရိုင် တပ်မဟာ(၆)တွင် စစ်ကောင်စီကို တိုက်ခိုက်သည့် ရှေ့တန်းတိုက်ပွဲအတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်မှုရှိကြောင်း မြေပြင်တိုက်ပွဲတွင် ပါဝင်သည့် တပ်ဘက်ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။