Home သတင်း ကျိုက်မရောတွင် ၁၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ

ကျိုက်မရောတွင် ၁၂ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ

770
Photo: နဂါးနီစစ်ကြောင်း

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် စစ်ကူတက်လာသည့် စစ်ကောင်စီတပ်များကို နိုဝင်ဘာလ ၁၂ ရက်မှ ၂၈ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ ၂၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့− SOF က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တောင်ကလေးရဲစခန်းကို ဒရုန်းပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၃၉ ကြိမ်နှင့် ဒရုန်းဗုံးသီး ၁၀၉ လုံးခန့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး တောင်ကလေးရဲစခန်းမှ ချောင်းနှစ်ခွသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ တပ်မ ၂၂ တပ်မ ၄၄၊ အမှတ် ၄ တန်းမြှင့်လေ့ကျင့်ရေးသင်တန်းသား စစ်ကောင်စီတပ်များနှင့် လက်အောက်ခံနယ်ခြား စောင့်တပ်-BGF စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကူတပ်လာသည့်စစ်ကြောင်းနှင့် တောင်ကလေးရဲစခန်းကို-KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF နှင့် Federal Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့၊ နဂါးနီစစ်ကြောင်းက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သား ၄ ဦးကိုလည်း စစ်ဆေးမေးမြန်းမှုနှင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုများလည်း လုပ်ဆောင်ပေးထားသည်ဟု SOF ၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“အဓိကကတော့ တောင်ကလေးရဲစခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်အင်အားများတယ်။ အဲ့မှာ ကျနော် တို့ ဒရုန်းအကြိမ်အရေအတွက်များစွာ ပစ်ချတယ်။ နောက်ပြီးတော့ လက်နက်ကြီးနဲ့လည်း ဖိအားပေးပစ် တာရှိ တယ်။ အဲ့မှာ သူတို့ ၁၁ ဦးသေတယ်။ သူတို့တောင်ကလေးရွာမှာပဲ သင်္ဂြိုဟ်လိုက်တယ်။ ပြီးတော့ လက်နက်ချ အညံ့ခံတာက ၄ ယောက်ရှိတယ်။ အဲ့ဒီ ၄ ယောက်ကတော့ စစ်သုံ့ပန်း ဥပဒေအတိုင်းပဲနယ်မြေခံ EAO တွေရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်တယ်။ သူတို့ကိုတော့ စိတ်ပိုင်းဆိုင်ရာရော ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတာရှိတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ ဗိုလ်ကြီး ၁ ဦးနှင့် နယ်ခြားစောင့်တပ်တပ်နယ် ၄ ၏စစ် ကြောင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး ၄ ဦးလက်နက်ချအညံ့ခံခဲ့သလို လက်နက်မျိုးစုံ ၁၅ လက်အထိ သိမ်း ဆည်းရမိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု SOF က ထုတ်ပြန် ထားသည်။

Photo: နဂါးနီစစ်ကြောင်း

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုနှင့် လက်နက်ချ အလင်းဝင်မှုများကို သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ် ပြန်ထားခြင်းမရှိပေ။

လက်ရှိတွင် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးမြို့နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ် ထားနိုင်ပြီး စစ်ကောင်စီတပ်ဘက်မှ တောင်ကလေးကျေးရွာများဘက်ကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်နိုင်မှု မရှိတော့သလို စစ်ကူတက်လာသည့် စစ်ကြောင်းများကိုလည်း မကြာခဏကြားဖြတ်တိုက် ခိုက်နေသည်ဟု SOF ၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။

၎င်းက “နယ်မြေစိုးမိုးရေးကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်တစ်ခုလုံးမှာဆိုလို့ရှိရင် KNLA နဲ့ PDF အဖွဲ့တွေက အပြည့် အဝစိုးမိုးထားတယ်လို့ အပြည့်အဝပြောလို့ရတာပေါ့နော်။ တစ်ခုရှိတာကတော့ မော်လမြိုင် မုဒုံတောင် ကလေး အထိကတော့ သူတို့တွေအချိန်မရွေးဝင်ထွက်သွားလာနေတာရှိတယ်။ စစ်ကြောင်းထောက်ပို့တွေ သူတို့ လုပ်နေတာရှိတယ်။ ဒါပေမဲ့ တောင်ကလေးဘက်ခြမ်းကိုတော့ သူတို့စစ်ကြောင်း ထိုးလို့မရဘူး။ တောက်လျှောက် လုံးကတော့ KNU နဲ့ PDF နယ်မြေစိုးမိုးရေးယူထားတဲ့နေရာပေါ့နော်။ စစ်ကြောင်းထိုးလို့ရှိရင်လည်း သူတို့ဘက်က အထိအခိုက်အကျအဆုံးများတယ်”ဟု ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်းပိုင်းတွင်လည်း ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၄၅ ဦးသေဆုံးခဲ့သေးသည်။

အလားတူ စစ်ကောင်စီတပ်က တောင်ကလေးဘက်မှ နီးစပ်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ် ခတ်မှုများလုပ်ဆောင်နေလျက်ရှိပြီး မော်လမြိုင်မုဒုံဘက်မှလည်း BGF ယူနီဖောင်းများဝတ်ဆင်ကာ စစ်ကြောင်း ထိုးလာမှုများလည်း ဆက်လက်လုပ်ဆောင်နေသည်ဟု နယ်မြေခံတော်လှန်ရေးတပ်များ၏ ပြောဆိုချက်အရ သိရသည်။